အနောက်ဂျာမနီနိုင်ငံ
From Wikipedia, the free encyclopedia
တစ်ချိန်က အလွန် နာမည်ကြီးခဲ့သော ဂျာမနီနိုင်ငံကြီးသည် ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံနှင့် ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံဟူ၍ ဂျာမန် နှစ်နိုင်ငံဟူ၍ ဂျာမန်နှစ်နိုင်ငံ ကွဲသွားလေသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(16-12-17) |
ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံခေါ် အနောက်ဂျာမနီနိုင်ငံကို ၁၉၄၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် တည်ထောင်ကြောင်း ကြေညာခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံ၏ ဖွဲ့စည်းတည်ထောင်ခြင်းကို တရားဝင် အတည်ဖြစ်ခဲ့သည်။ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၉၅၉၇၆ (၁၉၉၀ ခုနှစ်ခန့်မှန်း) ရှိသည်။ ၁၉၇၆ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆၁၅ဝဝဝဝဝ ခန့်ရှိသည်။ မြို့တော်မှာ ဗွန်းမြို့ဖြစ်သည်။
ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၌ ဗာဗေးရီယား၊ ဗားဒင်ဗင်တင်ဗတ်၊ ဗရီမင်း၊ ဟမ်းဗတ်၊ဟက်ဆီ၊ ဆက္ကဆွန်နီအောက်ပိုင်း၊ ရိုင်းဝက်စဖေးလီယား၊ မြောက်ပိုင်း ရှလဲတွစ် ဟိုလစတိုင် ပြည်နယ်များ ပါဝင်၍ ၁၉၅၇ ခုနှစ်တွင် ဆားလန်းနယ်ကိုပါ ထည့်သွင်းလိုက်သည်။ မြေမျက်နှာပြင် အနေအထားမှာ မြောက်ဘက်တွင် မြေဩဇာကောင်းသော စိုက်ပျိုးရေး နယ်မြေများ တည်ရှိပြီး အလယ်ပိုင်းတွင် သစ်တောများ ရှိလေသည်။ တောင်ဘက်ပိုင်းတွင်မူ တောတောင်များ ထူထပ်သည်ကို တွေ့ရသည်။
ဒုတိယကမ္ဘာစစ်ပွဲကြီး အပြီးတွင် ဂျာမနီနိုင်ငံသည် မဟာမိတ် တပ်ပေါင်းစုထံ ခြွင်းချက်မရှိ လက်နက်ချခဲ့ရသော စစ်ရှုံးနိုင်ငံ ဖြစ်သည်။ ၁၉၄၅ ခုနှစ် ဇွန်လ ၅ ရက်နေ့မှ အစပြု၍ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့က ပူးတွဲ၍ ဂျာမနီနိုင်ငံ စစ်ရှုံးကြောင်း ကြေညာ၍ ယင်းလေးနိုင်ငံ ပါဝင်သော မဟာမိတ်နိုင်ငံများက ဂျာမနီနိုင်ငံ တစ်နိုင်ငံလုံးကို အပိုင်းကြီးလေးပိုင်းခွဲ၍ ဇုံနယ်ကြီးများ သတ်မှတ်ကာ စစ်အုပ်ချုပ်ရေးမှူးများက အုပ်ချုပ်ခဲ့ကြသည်။ မဟာမိတ်နိုင်ငံများသည် နောင်အခါ သဘောထား မညီညွတ် ဖြစ်လာကြသည်။ သို့ဖြစ်၍ ၁၉၄၉ ခု စက်တင်ဘာလတွင် ဂျာမနီနိုင်ငံကို နှစ်ခြမ်းခွဲလိုက်သည်။
အနောက်အုပ်စုဟုလည်း ခေါ်ကြသော အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ အုပ်ချုပ်ခဲ့သော ဇုံနယ်ကြီးသုံးနယ်ကို ပူးပေါင်းလိုက်သည်။ အနောက်ဂျာမနီ နိုင်ငံဟုလည်း ခေါ်တွင်သော အနောက်အုပ်စု၏ ဩဇာမကင်းသည့် ထိုအပိုင်းသည် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ ဖြစ်လာသည်။ စစ်အုပ်ချုပ်ရေးကိုလည်း ရုပ်သိမ်းခဲ့၍ အခြားချုပ်ချယ်မှုများကိုလည်း တစတစ ရုပ်သိမ်းခဲ့ရာ ၁၉၅၅ ခု မေလ ၅ ရက်နေ့မှစ၍ လုံးဝလွတ်လပ်မှုကို ရရှိခဲ့သည်။
နိုင်ငံကြီး တစ်ခုလုံးကိုသာ နှစ်ခြမ်းခွဲလိုက်သည်မဟုတ်၊ ဂျာမနီမြို့တော်ဟောင်း ဘာလင်ကိုလည်း နှစ်ခြမ်းခွဲလိုက်ကြသည်။ သို့ဖြင့် အနောက်ဘာလင်နှင့် အရှေ့ဘာလင်ဟူ၍ ဖြစ်လာရာ အရှေ့ဘာလင်သည် ရုရှဩဇာ မကင်းသော အရှေ့ဂျာမနီနိုင်ငံ (ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ)၏ မြို့တော် ဖြစ်သွားသည် အနောက်ဂျာမနီ မြို့တော်အဖြစ် ဗွန်းမြို့ကို မြို့တော်အဖြစ် ထားရှိသည်။ ၁၉၄၈ ခုနှစ်များအတွင်းက ရုရှတို့က အနောက်ဘာလင်သို့ ရိက္ခာမသွင်းနိုင်အောင် အဆက်အသွယ်များ ဖြတ်ထား၍ အနောက်အုပ်စု အာဏာပိုင်များက အနောက်ဘာလင် မြို့သူ မြို့သားများအတွက် လေကြောင်းမှ စားနပ်ရိက္ခာများ ချပေးခဲ့ရသည်။ ၁၉၆၁ ခု ဩဂုတ်လတွင် အရှေ့ဂျာမန်သားတို့က အရှေ့နှင့် အနောက်ဂျာမန်ကို ပိုင်းခြားသော ၂၆၁/၂ မိုင် နယ်နိမိတ် တံတိုင်းကြီးကို ဆောက်လုပ်ခဲ့ကြ၍ အရှေ့နှင့် အနောက်ဘာလင် ကူးသန်းဆက်သွယ်ရေးမှာ အလွန်တင်းကြပ်ခဲ့လေသည်။ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၏ ပထမဆုံး သမ္မတမှာ သီအိုဒေါ်ဟိုက် ဖြစ်သည်။ ၁၉၄၉ ခု ၁၉၅၄ ခုနှစ်အထိ သမ္မတအဖြစ် ဆောင်ရွက်ခဲ့ရသည်။ ပထမဆုံး ဝန်ကြီးချုပ်သည် ဒေါက်တာအဒင်းနွာ ဖြစ်သည်။ အဒင်းနွာသည် လေးကြိမ်တိုင်တိုင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရ၍ ၁၉၄၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဆက်တိုက် ဆောင်ရွက်ခဲ့ရသည်။ ၁၉၆၉ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်လာသော ဝီလီဗရန့်သည် အနောက်အုပ်စုနှင့် အရှေ့အုပ်စုနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့လေသည်။
ဝီလီဗရန့်၏ လက်ထက်တွင် ရုရှနှင့် ပိုလန်နိုင်ငံတို့ ချစ်ကြည်ရေး စာချုပ်များ ချုပ်ဆိုသည်။ ၁၉၇၁-၇၂ ခုနှစ်များတွင် အရှေ့နှင့် အနောက်ဘာလင် ကူးသန်း ဆက်သွယ်ရေး လွယ်ကူပြေပြစ်အောင် ဆောင်ရွက်သည်။ ဝီလီဗရန့်၏ လက်ထက်တွင်ပင် ဂျာမန် ပြည်ထောင်စုသမ္မတနိုင်ငံသည် ကုလသမဂ္ဂသို့ ဝင်ခွင့်ရခဲ့သည်။
ဝီလီဗရန့် နုတ်ထွက်သောအခါ သူ၏နေရာကို ဆက်ခံသူမှာ ဟဲလမွတ်ရှမစ် ဖြစ်သည်။ ရှမစ်၏လက်ထက်တွင် သန်းကြွယ်သူဌေးကြီးများအား ပြန်ပေးဆွဲခြင်း၊ လေယာဉ်အပိုင်စီးခြင်းစသော အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုများကြောင့် ရှမစ်၏ အစိုးရမှာ ခေါင်းခဲရလျက် ရှိလေသည်။
ဒုတိယကမ္ဘာစစ်ပြီးခေတ်မှစ၍ ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံသည် အံ့ဖွယ်ကောင်းလောက်အောင်ပင် စီးပွားရေးတွင် တိုးတက်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက စက်မှုလုပ်ငန်းများ အလွန်ထွန်းကား တိုးတက်သော နယ်မြေများသည် အနောက်ဂျာမနီနိုင်ငံအခြမ်းတွင် ပါမလာခဲ့ချေ။ ၁၉၄၈ ခု မေလတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံတို့သည် အနောက်ဂျာမနီနိုင်ငံကို ထူထောင်လိုက်ကြစဉ်က ငွေကြေးစနစ်သစ် တစ်ခုကိုပါ တီထွင်လိုက်သည်။ ယင်းငွေကြေး စနစ်သစ်သည် အလွန်ကောင်းမွန် ခိုင်ခံ့သောစနစ်ဖြစ်၍ စီးပွားရေး စီမံကိန်းများကလည်း ကောင်းမွန်သဖြင့် အနောက်ဂျာမနီနိုင်ငံသည် ဤမျှတိုးတက်ခြင်း ဖြစ်သည်။
ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသည် ကျောက်မီးသွေး တူးဖော်ခြင်း လုပ်ငန်းများနှင့် သံမဏိတူးဖော်ခြင်း လုပ်ငန်းများကို အခြားနိုင်ငံများထက် အဆပေါင်းများစွာ ကျော်လွန်၍ ထုတ်လုပ်နိုင်သော နိုင်ငံဖြစ်သည်။ သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းကြောင့် ကမ္ဘာကျော်ခဲ့ရသည်။
နိုင်ငံရေးနှင့် စီးပွားရေးအရ အနောက်ဥရောပတိုက်ရှိ နိုင်ငံများနှင့်၎င်း၊ ဂျာမန် ဒီမိုကရက်တစ်နိုင်ငံနှင့် ဥရောပတိုက် အရှေ့ပိုင်းရှိ နိုင်ငံများနှင့်၎င်း မဟာမိတ် ပြုလုပ်၍ ဆက်ဆံခဲ့လေသည်။[1]