ဒေးဗစ် အက်တန်ဘရော့ချ်
From Wikipedia, the free encyclopedia
ဆာ ဒေးဗစ် ဖရက်ဒရစ် အက်တန်ဘရော့ချ် (အင်္ဂလိပ်: Sir David Frederick Attenborough) (/ˈætənbərə/၊၊ ၁၉၂၆ ခု မေ ၈ ရက်နေ့ ဖွား) ဆိုသူမှာ အင်္ဂလိပ်လူမျိုး ရုပ်/သံ တင်ဆက်သူ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သမိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။ ဘီဘီစီ သဘာဝပတ်ဝန်းကျင်သမိုင်းဌာန နှင့်ပူးပေါင်း ရိုက်ကူးတင်ဆက်ခဲ့သည့် ကမ္ဘာပေါ်ရှိ တိရစ္ဆာန် နှင့် အပင်တို့၏ စစ်တမ်းများ အပြည့်အစုံဖြင့် စုစည်းထားသည့် “သက်ရှိ များအကြောင်း မှတ်တမ်းတင် ဇာတ်လမ်းတွဲ (၉)ခု” ဖြင့် သူ့အား လူသိများလေသည်။
သူသည် ဘီဘီစီ၏ အကြီးတန်း မန်နေဂျာဟောင်း တစ်ဦး ဖြစ်ပြီး၊ ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်များတွင် ဘီဘီစီ-၂ ၏ ကြီးကြပ်ရေးမှူး နှင့် ဘီဘီစီရုပ်မြင်သံကြား အစီအစဉ် ညွှန်ကြားရေးမှူး တို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏ မှတ်တမ်းရုပ်ရှင်များသည် ဆယ်စုနှစ် ၈ခုမျှကြာမြင့်ခဲ့ပြီး ၎င်းတို့မှာ Zoo Quest၊ Planet Earth franchise၊ Natural World၊ The Blue Planet နှင့် ၎င်း၏နောက်ဆက်တွဲ တို့ပါဝင်သည်။
သူသည် ရုပ်မြင်သံကြား၏ အဖြူအမည်းခေတ်၊ ဆေးရောင်စုံခေတ်၊ အကြည်(HD)ခေတ်၊ သရီးဒီ(3D)ခေတ် နှင့် ဖိုးကေ(4K)ခေတ်အားလုံးကို မှီသည့်၊ ခေတ်အဆက်ဆက် ရုပ်/သံအစီအစဉ်များအတွက် ဗြိတိသျှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား အနုပညာအကယ်ဒမီကျောင်းမှပေးအပ်သော BAFTAs ဆုကို ဆွတ်ခူးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
အက်တန်ဘရော့ချ်၏ အစောပိုင်းအလုပ်သည် သဘာဝလောက၏ ရင်သပ်ရှု့မောဖွယ် အရာများကို ပိုမိုအလေးထားခဲ့သော်လည်း နှောင်းပိုင်းကာလ အလုပ်တွင် သဘာဝပတ်ဝန်းကျင်အား အကျိုးပြုစေသော အကြောင်းအရာများကို ပို၍ ပြောဆိုလာခဲ့သည်။ သူသည် ဂြိုဟ်ကမ္ဘာ တစ်ခုလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူဦးရေတိုးပွားမှု ထိန်းချုပ်ရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ အသားစားသုံးမှု လျှော့ချရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရမည့် နယ်မြေဧရိယာများ ပိုမိုသတ်မှတ်ပေးရေး စတဲ့ ကိစ္စရပ်များကို ထောက်ခံခဲ့လေသည်။ သူသည် လူဦးရေ အဆမတန် များပြားနေမှုအပေါ် အငြင်းပွားဖွယ် အမြင်များ ထုတ်ဖော်ပြောဆိုခဲ့သောကြောင့် ဝေဖန်ခံခဲ့ရသည်။[2] ၎င်း၏ ၂၀၂၀ ခုနှစ်မှတ်တမ်းရုပ်ရှင် ဖြစ်သော ဒေးဗစ် အက်တန်ဘရော့ချ်: ကျွန်ုပ်တို့ရဲ့ဂြိုဟ်ကမ္ဘာပေါ်မှ သက်ရှိတစ်ခု ရုပ်ရှင်သည် သူ့ဘ၀နှင့် အနာဂတ်ရပ်တည်မှု ကိုယ်ပိုင်သက်သေခံချက်အဖြစ် တွေးမြင်ထားလေသည်။
သူ၏ ရုပ်/သံလွှင့်ခြင်းနှင့် သဘာဝကိုနှစ်သက်ခြင်းတို့ကြောင့် အန်ပီအာ(NPR)က သူသည် "ကမ္ဘာတစ်ဝန်းသို့ လှည့်လည်ခဲ့သူ၊ ဇာတ်လမ်းနောက်ခံစကားပြောရာ၌ သူ့ရဲ့ကိုယ်ပိုင်ဟန်ဖြစ်တဲ့ တပိုင်းတစ တီးတိုးပြောဆိုမှုနည်းလမ်းသုံးပြီး သူရဲ့ ရှာဖွေတွေ့ရှိမှုတွေ နဲ့ စိတ်အားထက်သန်မှုတွေကို မျှဝေပေးခဲ့သူ" ဟူ၍ ထုတ်ပြန်ခဲ့လေသည်။[3] ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့၌ အက်တန်ဘရော့ချ်သည် ဇာတ်လမ်းနောက်ခံစကားပြော ထူးချွန်မှုအတွက် ‘ပရိုင်းတိုင်းမ်အမ္မီ ဆု’ကို ဆွတ်ခူးခဲ့သည်။[4][5] ယူကေ၌ လူအတော်များများမှ သူ့အား နိုင်ငံ့အဖိုးတန်ရတနာအဖြစ် သတ်မှတ်ထားကြသော်လည်း[6][7][8] သူ့အနေဖြင့် ထိုကဲ့သို့ သုံးနှုန်းခံရသည်ကို မနှစ်သက်ပေ။ သူသည် နောင်တွင် ဒါရိုက်တာ၊ ထုတ်လုပ်သူ နှင့် သရုပ်ဆောင် ဖြစ်လာခဲ့သူ ရစ်ချတ် အက်တန်ဘရော့ချ်[9]၏ ညီဖြစ်ပြီး၊ မော်တော်ယာဉ် အလုပ်အမှုဆောင် နောင်တွင် ဖြစ်လာခဲ့သူ ဂျွန် အက်တန်ဘရော့ချ်၏ အစ်ကိုလည်း ဖြစ်သည်။