ပြည့်ဖြိုးမြဲစွမ်းအင်
From Wikipedia, the free encyclopedia
ပြည့်ဖြိုးမြဲ စွမ်းအင် ဆိုသည်မှာ နေရောင်ခြည်၊ လေ၊ မိုး၊ ဒီရေ၊ ရေလှိုင်း အစရှိသဖြင့် အသစ်ပြန်လည် ပြည့်ဖြိုးနေသော ရင်းမြစ်များမှ ရယူထားသည့် စွမ်းအင် ဖြစ်သည်။ ပြည့်ဖြိုးမြဲ စွမ်းအင်များ ရှာဖွေရခြင်း၏ အကြောင်းရင်းများစွာရှိသည်။ လေထု ညစ်ညမ်းစေသော အရာများနှင့် ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့များ လျှော့ချရေး ကြိုးပမ်းမှုအနေဖြင့် အမေရိကန်နှင့် နိုင်ငံ အများအပြား ရေးထိုးခဲ့ကြသော ကျိုတို သဘောတူညီချက်သည် ယနေ့ခေတ်၏ အဓိက အာရုံစိုက်နေသော အကြောင်းအရာ ဖြစ်သည်။ အစားထိုးစွမ်းအင် (သို့မဟုတ်) ပြန်လည် ဖြည့်တင်းနိုင်သော စွမ်းအင်ရင်းမြစ်များသည် လက်ရှိ စွမ်းအင် သုံးစွဲမှု၏ ဘေးထွက် ဆိုးကျိုး ဖြစ်သော အဆိပ်သင့်ပစ္စည်းများ ထုတ်လွှတ်မှုကို လျှော့ချနိုင်စေရန် အထောက်အကူပြုစေသည်။ အစားထိုး စွမ်းအင်သုံးစွဲခြင်းဖြင့် ဘေးဖြစ်စေသော ဘေးထွက်ပစ္စည်းထုတ်လွှတ်မှုကို တားဆီးနိုင်ရုံမက ယနေ့ခေတ်၏ အဓိက စွမ်းအင်ရင်းမြစ်အနေဖြင့် သုံးစွဲနေကြရသော သဘာဝ သယံဇာတရင်းမြစ်များကိုလည်း ယုတ်လျော့မှု မရှိစေအောင် ထိန်းသိမ်းနိုင်သည်။
“ စွမ်းအင် သည် ဖန်တီး၍ မရနိုင်သကဲ့သို့ ဖျက်စီး၍လည်း မရနိုင်ပေ။ အသွင် တစ်မျိုးမှ အခြားတစ်ခုသို့ ကူးပြောင်းခြင်းသာ ရနိုင်သည်။ ” (စွမ်းအင်တည်မြဲမှု နိယာမ)[1]
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဖွံ့ဖြိုးမြဲစွမ်းအင်သည် နေရောင်ခြည်၊ လေ၊ ရေ၊ မိုး၊ အပူစွမ်းအင်၊ ဒီရေစသော သဘာဝအလျောက်ရရှိသည့် သမိုင်းအဆက်ဆက် လူသားများ အသုံးချခဲ့သော စွမ်းအင်ဟု ဆိုနိုင်သည်။[2] ဖွံ့ဖြိုးမြဲ စွမ်းအင်သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ရေကျိုချက်ခြင်း၊ လေအေးပေးစနစ်၊ ကူးသန်းသွားလာရေးနှင့် သီးခြား ပါဝါပေးစနစ်စသော အရေးပါသည့်ကဏ္ဍများ၌ ပါဝင်သည်။[3] ၂၀၁၆ ခုနှစ် REN21 ၏ အဆိုအရ ဖွံ့ဖြိုးမြဲစွမ်းအင်မှ တစ်ကမ္ဘာလုံး စွမ်းအင်သုံးစွဲမှုပမာဏတွင် ၁၉.၂% မှ ၂၃.၇% အထိ ဖြည့်ဆည်းပေးသည်ဟု ဆိုသည်။ ဇီဝလောင်စာမှ ၈.၉%၊ အပူစွမ်းအင်မှ ၄.၂%၊ ရေအားလျှပ်စစ်မှ ၃.၉% နှင့် လေ၊ နေရောင်ခြည်စသည်တို့မှ ၂.၂% အသီးသီးရှိကြသည်။ ဖွံ့ဖြိုးမြဲစွမ်းအင်အတွက် တစ်ကမ္ဘာလုံး ရင်းနှီးမြုပ်နှံမှုမှာ ၂၀၁၅ ခုနှစ်အရ အမေရိကန်ဒေါ်လာ ၂၈၆ ဘီလီယံ ရှိသည်။ [4]
ဖွံ့ဖြိုးမြဲ စွမ်းအင်နှင့်ဆက်နွယ်သော အလုပ်မှာ တစ်ကမ္ဘာလုံး ၇.၇ မီလီယံရှိပြီး [5] ၂၀၁၅ ခုနှစ်အရ အသစ်တပ်ဆင်သော လျှပ်စစ်ဓာတ်အား ထက်ဝက်ကျော်သည် ဖွံ့ဖြိုးမြဲ စွမ်းအင်ဖြစ်သည်။[6] ဖွံဖြိုးမြဲ စွမ်းအင်ကဏ္ဍ အလျင်အမြန် တိုးတက်လာခြင်းသည် စွမ်းအင်ကို အကျိုးရှိရှိ အသုံးချခြင်း၊ ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိခြင်း၊ စီးပွားရေး အကျိုးကျေးဇူးများခြင်း စသောရလဒ်များကို ဖြစ်ထွန်းစေသည်။[7]