သိပ္ပံပညာ
ဖြစ်ပျက်တွေ့ကြုံခဲ့မှုများအား စနစ်တကျ လက်တွေ့ဆန်းစစ်လေ့လာ၍ မှတ်တမ်းတင်ပြုစုထားသော မျိုး / From Wikipedia, the free encyclopedia
သိပ္ပံ ဆိုသည်မှာ အင်္ဂလိပ် အခေါ် ဆိုင်းရင့်စ်(Science) ( လက်တင်ဘာသာစကား စီရန်ရှား မှဆင်းသက်လာသော စကားလုံးဖြစ်ပြီး ဗဟုသုတ ဟု အဓိပ္ပာယ်ရသည်။) ဖြစ်ပြီး ကမ္ဘာမြေနှင့် စကြဝဠာ အကြောင်းများကို ခန့်မှန်းခြင်းများ၊ ရှင်းလင်းခြင်းတွက်ချက်ခြင်းများ၊ စမ်းသပ်ခြင်းများ၊ တီထွင်ခြင်းများ စသည် ဖြင့် ဗဟုသုတများစုစည်းတည်ဆောက်ထားသော၊ စံနစ်တကျဖြစ်စေရန် ရည်ရွယ်လုပ်ကိုင်ရသော စီမံကိန်းလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ )[1][2][3]
သိပ္ပံ ဆိုသည်မှာ အရာခပ်သိမ်းမှန်သမျှကို စနစ်တကျ လက်တွေ့ ဆန်းစစ်လေ့လာသည့် ပညာတရပ်ဖြစ်သည်။ ယနေ့တွင် လူသားတို့၏ ဘဝ အရင့်အရင်ကာလများနဲ့စာပါက များစွာမှ တိုးတက်ပြောင်းလဲလာသည်မှာ သိပ္ပံပညာ၏ အကျိုးကျေးဇူး အများကြီး ပါပါသည်။ ထိုသို့ သိပ္ပံဆိုင်ရာ လေ့လာမှုပြုလုပ်သည့် ပညာရပ်ကို မြန်မာဘာသာစကားအားဖြင့် သိပ္ပံပညာ ဟု ခေါ်သည်။ သိပ္ပံပညာရပ်တွင် လက်တွေ့ သက်သေပြနိုင်မှသာ မှန်ကန်သည်ဟု ယူဆသည်။ ယခုလက်ရှိ အယူအဆထက် ပိုကောင်းသောအယူအဆ တွေ့ရှိချက်များ ပေါ်လာလျင်လည်း မူလအား ပယ်ဖျက်ကာ အယူအဆသစ်အား ချက်ချင်းလက်ခံရန် ဝန်မလေးပေ။
သိပ္ပံပညာဆိုသည်မှာ သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏အကြောင်းအကျိုးအမှန်တို့ကို နည်းစံနစ်ကျနစွာလေ့လာအသုံးချနိုင်သောပညာရပ်ကို ဆိုလိုသည်။ သိပ္ပံပညာသည်နည်းစံနစ်ကျန၍ခိုင်မြဲတိကျရ၏။ ကျွန်ုပ်တို့သည်မွေးကတည်းကစ၍ ပတ်ဝန်းကျင်၌ဖြစ်ပျက်လျက် ရှိသောဒြဗ်တို့၏အလယ်၌ နေခဲ့ရသည်ဖြစ်၍ အာရုံခံစားတတ်သည့်အရွွယ်တွင်ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့၊ အထိတည်းဟူသော အာရုံေခြာက်ပါးနှင့် တဖြည်းဖြည်းခံစားတတ်လာကြလေသည်။
ထိုအတူပင် ကမ္ဘာဦးကတည်းက လူတို့သည် ကမ္ဘာ လောက ကြီးအတွင်း ဖြစ်ပျက်နေသမျှသော အကြောင်းအရာ တို့ကို အာရုံေခြာက်ပါးနှင့် ခံစားတတ်လာကြသောအခါ တဖြည်းဖြည်းနှင့် သူတို့၏ပတ်ဝန်းကျင်ရှိ အရာဝတ္ထုဒြဗ်တို့၏ ဂုဏ်သတ္တိတို့ကို နားလည်သိရှိလာခဲ့ကြလေသည်။ အို နှင်းဆီပန်းကလေးနှယ်လှလိုက်တာဟု ဆိုလိုက်သောစကားလုံးများမှာ နှင်းဆီပန်း၏အလှကို စက္ခုအာရုံနှင့်ခံစားမိရာမှဖြစ်ပေါ်လာသော စကားလုံးများပင် ဖြစ်လေသည်။ နှင်းဆီပန်း၏ရနံ့သည်မွှေးမှန်းသိသကဲ့သို့ပင် နှင်းဆီပန်းအခက်မှ ဆူးတို့သည်နာကျင်စေတတ်သည်ကိုလည်း ခံစားနိုင်ခဲ့ကြသည်။ သစ်သီးပင်မှသစ်သီးသည်ချိုမြိန်မှန်းကို လည်းသိရှိလာခဲ့ကြ၏။ သောတအာရုံအားဖြင့်ခြင်္သေ့ဟောက်သံ၊ ကျားဟိန်းသံ စသည်တို့ကိုလည်း သိလာခဲ့ကြလေသည်။ ထိုအခါလူသည် ထိုအာရုံခြောက်ပါးနှင့်ခံစားမိသည့်အချက်တို့ကို စုပေါင်း၍ သူ့၌အသိဉာဏ်ကိုရရှိလာလေသည်။
ဘောလုံးငယ်တစ်လုံးကို စားပွဲအစွန်းတဘက်သို့ လှိမ့်လိုက်ပါက စားပွဲစွန်းလွန်သည့်တစ်ခဏ၌ ဘောလုံးသည် ဆက်လက်၍လိမ့်မသွားဘဲအောက်သို့ကျသွားသည်ကိုတွေ့ရမည်။ ထိုအခြင်းအရာမှာ အမှန်ဖြစ်တတ်သောအခြင်းအရာမျိုး ဖြစ်၍ ထိုအခြင်းအရာမျိုးကို သိရှိလာသူသည်သူ၏အသိတရားကို တဖြည်းဖြည်းနှင့် စွဲမြဲယုံကြည်လာ၏။
လှိမ့်လိုက်သောဘောလုံးငယ်ကို စားပွဲအစွန်းတစ်ဖက်၌ ပျောက်ကွယ်သွားသောအခါတွင် ထိုသူသည်ဘောလုံးကို အိမ်ခေါင်မိုးဆီသို့ မော့ကြည့်ရှာဖွေမနေဘဲကြမ်းပြင်သို့သာ ငုံ့ကြည့်ရှာဖွေမည်ဖြစ်၏။ဤသို့ပြုလုပ်ခြင်းမှာ သူ၏အသိတရား ကို ယုံကြည်စွဲမြဲလျက်ရှိသောကြောင့်ဖြစ်လေသည်။
ထိုနောက်မှို့စကလေးတစ်စသည် အောက်သို့မကျပဲ လေထဲ၌စီးလိုက်ပါသွားသည်ကို တွေ့ကြရသောအခါ၌ အဘယ်ကြောင့်ဤသို့ဖြစ်ရသည်ကို စုံစမ်းလိုစိတ်ပေါ်လာကြ ပေမည်။ ထိုအခြင်းအရာကို လေ့လာကြည့်ကြသောအခါ လေထက်ပေါ့သောအရာဝတ္ထုတို့သည် လေထဲ၌ပျံဝဲခြင်း၊ သို့မဟုတ် ပျံတက်ခြင်းတို့ကို ပြုလုပ်နိုင်သည်ကို သိရှိလာကြ လေသည်။ ထိုအခါ မူလက အရာဝတ္ထုတို့၏ အောက်သို့ကျ တတ်သောသဘောကိုနားလည်းထားသူတွင် အသိတစ်ခုတိုးလာ လေတော့သည်။ ထိုအသိသစ်မှာ ထိုသူအဖို့သိပ္ပံပညာ တစ်ရပ်ဖြစ်လေသည်။ ဤသိပ္ပံပညာရပ်ကား ရူပဗေဒ သိပ္ပံပညာပေတည်း။ ထိုနောက် လူတို့အားများစွာ အသုံးဝင်စေသော တိရစ္ဆာန်နှင့် သစ်ပင်တို့ကို သတိပြုမိလာ ကြ၍ ထိုအကြောင်းအရာတို့ကို လေ့လာကြသောအခါ ဇီဝဗေဒဆိုင်ရာ သိပ္ပံပညာ စတင်ပေါ်ထွန်းလာလေသည်။
သိပ္ပံပညာတိုးတက်လာမှုမှာမြေကြီးထဲမှ ရုတ်တရက်ပေါ်ထွက်လာသည့်ပဒေသာပင်ကဲ့သို့မဟုတ်ပေ။ အရာဝတ္ထုနှင့်သက်ဆိုင်သော နိယာမများကိုလေ့လာရှာဖွေရာမှ တဖြည်းဖြည်းနှင့် သိပ္ပံပညာနယ်သည် ကျယ်ဝန်းသည်ထက် ကျယ်ဝန်းလာခြင်းသာဖြစ်သည်။ ယခုအခါတွင် သိပ္ပံပညာသည် မည်မျှနက်နဲကျယ်ဝန်းလာသနည်းဟူမူ မည်သည့်လူတစ်ဦးတယောက်မျှ သိပ္ပံပညာအားလုံးကုန်အောင် နှံ့စပ်စွာတတ်ကျွမ်း နားလည်နိုင်မည်မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော်သိပ္ပံပညာတွင် ပညာရပ်အမျိုးမျိုးပါဝင်၍ ပညာရပ်တစ်ခုစီသည်ပင်ကျယ်ဝန်းလှသဖြင့်သီးခြားလေ့လာသင် ကြားရန် လိုအပ်သောကြောင့်ဖြစ်ပေသည်။ ဇီဝဗေဒကို တိရစ္ဆာန်တို့နှင့်ဆိုင်သော ပါဏဗေဒနှင့် သစ်ပင်တို့နှင့်ဆိုင်သောရုက္ခဗေဒဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ ပါဏဗေဒအောက်တွင် တစ်ဖန် ငှက်များနှင့်သာဆိုင်သော ငှက်အမျိုးမျိုးအကြောင်းပညာဟူ၍ သီးခြားတစ်ဘာသာ ခွဲထားရပြန်လေသည်။
သိပ္ပံပညာရပ်များတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ နက္ခတ္တဗေဒ၊ စသည့်ဒြပ်နှင့်ဆိုင်သော သိပ္ပံပညာရပ်များ ပါဝင်သည်။ ရူပဗေဒသည် အပူ၊ လျှပ်စစ်ဓာတ်၊ အလင်း စသည်တို့၏အကြောင်းများနှင့် ဒြပ်တို့၏အကြောင်းအရာများ ကိုပြဆိုသော သိပ္ပံပညာရပ်ဖြစ်လေသည်။ သိပ္ပံပညာတွင်ပါဏဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊စသည့် ပညာရပ်များမှာ သီးခြားအကြောင်းအရာများဖြစ်သည့် ပညာရပ်များဖြစ်၍ သင်္ချာနှင့် ယုတ္တိဗေဒတို့မှာ အကြောင်းအရာ အမျိုးမျိုးနှင့်သက်ဆိုင်သည့် ပညာရပ်များဖြစ်သည်။
ထိုပညာရပ်နှစ်မျိုးအား အခြားပညာရပ်များနှင့် ဆက်သွယ်ပေးနိုင်ပေသည်။ အသုံးချမှုသင်္ချာပညာမှာ ရူပဗေဒနှင့် သင်္ချာတို့ကိုဆက်သွယ်ပေးထားသောပညာရပ် ဖြစ်၏။ အမှန်စင်စစ် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒစသည့် သိပ္ပံပညာရပ်အားလုံးတို့သည်လည်း တစ်ခုနှင့်တစ်ခု ဆက်သွယ်လျက်ရှိကြလေသည်။
အထက်ပါပညာရပ်များအပြင် ဘူမိဗေဒ၊ မနုဿဗေဒစသည့် သိပ္ပံပညာရပ်များလည်း ရှိသေးရာ ထိုပညာရပ်အားလုံးကို ကုန်စင်အောင်ဖော်ပြရလျှင်အလွန်ရှည်လျားပေသည်။ စက်မှုလက်မှုများတိုးတက်လာသောအခါ သိပ္ပံပညာ၏နိယာမများကို စက်မှုလက်မှုတို့တွင်ယှဉ်တွဲ အသုံးချခြင်းဖြင့် အသုံးချသိပ္ပံပညာဟူ၍ပညာသစ်တစ်ရပ် ပေါက်ဖွားလာပြန်လေသည်။ အသုံးချသိပ္ပံပညာတွင် အင်ဂျင်နီယာပညာ၊ ဆေးပညာ၊ စိုက်ပျိုးရေးပညာ၊ စသည်တို့ပါဝင်သည်။
သိပ္ပံပညာတွင်အကြောင်းအရာတစ်ခုကိုလေ့လာရာ၌ နည်းစံနစ်ကျဖို့အလွန်အရေးကြီးပေသည်။ ပထမလေ့လာလိုသော အကြောင်းအရာတစ်ခုနှင့် သက်ဆိုင်သမျှသောအကျိုးအကြောင်း အချက်အလက်တို့ကို စုဆောင်း၍ ထိုအချက်အလက်တို့ကို အခြေတည်ကာစဉ်းစားပြီးလျှင် မိမိ၏မှန်းဆယူမှတ်ချက်တစ်ခု ကို ဆုံးဖြတ်ရ၏။ ထိုဆုံးဖြတ်ချက်ကိုမှတစ်ဖန် အတည်ဖြစ်စေရန် လက်တွေ့စမ်းသပ်မှုများ ထပ်တလဲလဲပြုလုပ် ပြီးလျှင်ခိုင်လုံသောအကြောင်းအချက်တို့ကိုရရှိသောအခါတွင် တိကျပြတ်သားသောဆုံးဖြတ်ချက်ကို ပြုလုပ်ရသည်။
ဤသို့နည်းစံနစ်ကျမှသာသိပ္ပံပညာအစစ်ဖြစ်လာနိုင်ပေသည်။[4]
သိပ္ပံ (လက်တင်ဘာသာအရ "scientia" , အဓိပ္ပာယ် " ဗဟုသုတ " လို့ခေါ်သည်။) သည် မည်သည့် စနစ်ကျသော အသိပညာ သို့မဟုတ် လက်တွေ့နည်းစဉ် ကိုမဆို ရည်ညွန်းပြီး ၎င်းတို့ဖြင့် ကြိုတင်တွက်ချက်ထားသော သေချာသော ဖြစ်ရပ် သို့ရအောင် စွမ်းဆောင်နိုင်သည်။ သိပ္ပံ ဟူသည် လေ့လာစမ်းသပ်မှုများမှ ထွက်လာသော လက်တွေ့ နည်းပညာ ပင်ဖြစ်သည်။
ပို၍တင်းကျပ်သော ယခုခတ်အမြင်တွင် သိပ္ပံသည် သိပ္ပံ နည်းစဉ် (scientific method) ကို အခြေခံ၍ ရရှိလာသော အသိပညာနှင့် သုသေသန မှ ရလာသော အသိပညာများကို စုစည်းထားခြင်းဟု မြင်သည်။ ဤတွင် ဖော်ပြသော သိပ္ပံမှာ လက်တွေ့ သိပ္ပံ (experimental science) ဟုခေါ်ပြီး လူသားတို့ လိုလားချက်အတွက် အသုံးပြုသော အသုံးချ သိပ္ပံ (applied science) လဲ ရှိသေးသည်။
သိပ္ပံသည် စနစ်ကျသော သုသေသနများမှ နားလည်လာသည့် အသိပညာများ ဆက်ဆက်တိုးနေသော မပြီးဆုံးနိုင်သည့် ကြိုးပမ်းမှု့ပင်ဖြစ်သည်။ တမင် ထိမ်ချုပ်ထားသော လက်တွေ့ပြုရပ်များကို သုံး၍ သိပ္ပံပညာရှင်များသည် သဘာဝ သို့မဟုတ် လူမှု ဖြစ်စဉ်များကို တိုင်းတာပြီး ရလဒ်များကို သိမ်းစည်းကာ ထပ်မံ တွက်ချက်မှုများပြုပြီး မည်သို့ကြောင့်ဖြစ်ပျက်သည်ကို သီအိုရီများ သုံး၍ ရှင်းလင်းသည်။ ၎င်းတွင် အဆိုပြုချက် (hypothesis) များပါရှိပြီး၊ ၎င်းအဆိုပြုချက်ကို ထိမ်ချုပ်ထားသော လက်တွေ့ပြုရပ်များသုံး၍ စမ်းစစ်သည်။