လက်ဖက်
လက်ဖက်ရည်နှင့် လက်ဖက်သုပ်တွင် ထည့်သော စားစရာ / From Wikipedia, the free encyclopedia
လက်ဖက် သည် အနံ့ပါသော အရွက်တစ်မျိုးဖြစ်သည်။ လက်ဖက်ယဉ်ကျေးမှု စတင်ထွန်းကားခဲ့သည်မှာ အာရှတိုက်မှဖြစ်သည်။ တရုတ်နိုင်ငံ တွင် လက်ဖက်ခြောက် (အခါးခြောက်) ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး၊ အိန္ဒိယတွင် လက်ဖက်ခြောက် (အချိုခြောက်) ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ ကမ္ဘာပေါ်ရှိ လက်ဖက် ယဉ်ကျေးမှုများတွင် မြန်မာနိုင်ငံရှိ လက်ဖက် ယဉ်ကျေးမှုမှာ ထူးခြားသည်။ မြန်မာ့ရိုးရာ လက်ဖက်ယဉ်ကျေးမှုတွင် လက်ဖက်ကို လက်ဖက်စို နှင့် လက်ဖက်ခြောက် အဖြစ် သုံးသည်ကို တွေ့နိုင်သည်။ လက်ဖက်ခြောက် တွင်လည်း အချိုခြောက် နှင့် အခါးခြောက် ဟူ၍ နှစ်မျိုးလုံး တွေ့ရသည်။ လက်ဖက်ခြောက်ကို ရေနွေးပူထဲထည့်ကာ လက်ဖက်ရည်၊ လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်း၊ အခါးရည်အဖြစ် သောက်သုံးကြသည်။[3]လက်ဖက်ရည်သည် ရေပြီးလျှင် ကမ္ဘာပေါ်တွင် သောက်သုံးမှု အများဆုံးဖြစ်သည်။[4] အိန္ဒိယတို့၏ လက်ဖက်အချိုခြောက်ကိုမူ ရေနွေးတွင် ကျကျနနနှပ်၍ နွားနို့၊ သကြားများ ထည့်ဖျော် သောက်သုံးကြသည်။ လက်ဖက်ရွက်ကို အချဉ်ဖောက်၍ နှပ်ကာ ရရှိလာသော လက်ဖက်စို ကို အစာပလာမျိုးစုံရောပြီး လက်ဖက်သုပ် အဖြစ် စားသုံးကြသည်။ လက်ဖက် သို့မဟုတ် လက်ဖက်သုပ်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် အရေးပါသော ခဲဖွယ်တစ်ခုဖြစ်ရုံမက လွှတ်ရုံးများ၏ အဆုံးအဖြတ်၌ပင် လက်ဖက် စား၍ အမှုပြေငြိမ်းခြင်း၊ အမှုပြတ်ကင်းခြင်းတို့ကို ပြုလုပ်လေ့ရှိခဲ့ကြသည်။