ခရစ်စမတ်သီချင်းတစ်ပုဒ်
ချားလ် ဒစ်ကင်းရေးသားသော ၁၈၄၃ ခုနှစ်ထုတ် နိုဘယ် / From Wikipedia, the free encyclopedia
ခရစ်စမတ်သီချင်းတစ်ပုဒ် (အင်္ဂလိပ်: A Christmas Carol) သည် ချားလ် ဒစ်ကင်း[မှတ်စု 1] ရေးသားသော လုံးချင်းဝတ္ထုတို တစ်ပုဒ်ဖြစ်၍ နာမည်အပြည့်အစုံမှာ A Christmas Carol. In Prose. Being a Ghost Story of Christmas ဖြစ်သည်။ ဂျွန်လိချ်က သရုပ်ဖော်ရေးဆွဲပေး၍ ၁၈၄၃ တွင် ချပ်မန်းနှင့် ဟောလ် (Chapman & Hall) စာပေထုတ်ဝေရေးက ပထမဆုံးဖြန့်ချိခဲ့သည်။ ဤဝတ္ထုသည် "အဘန်နဇာ စခရုဂျ်"(Ebenezer Scrooge) ၏ ဇာတ်လမ်းဖြစ်၍ စခရုဂျ်သည် ကပ်စေးနဲကော်တရာလူစား ဖြစ်ကာ ၎င်း၏လုပ်ဖော်ကိုင်ဖက် "ဂျေးကာ့ဘ် မားလီ" (Jacob Marley) ကွယ်လွန်အပြီး ခုနှစ်နှစ်မြောက်တွင် ဘဝပြောင်းသွားပြီဖြစ်သော မားလီက တစ္ဆေဘဝဖြင့် လာရောက်တွေ့ဆုံပြီး ယင်းနောက် အတိတ်ခရစ်စမတ်တစ္ဆေ၊ မျက်မှောက်ခရစ်စမတ်တစ္ဆေ၊ အနာဂတ်ခရစ်စမတ်တစ္ဆေ စသည်တို့ကလည်း လာရောက်တွေ့ဆုံကြသည့် ဇာတ်လမ်းဖြစ်သည်။ ထိုသို့လာရောက်တွေ့ဆုံမှုများအပြီး စခရုဂျ်သည် ကြင်နာစာနာတတ်သော၊ နူးညံ့သောသူအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
၁၈၄၃ခုနှစ် ထုတ် မူရင်းစာအုပ်၏ အဖုံး | |
စာရေးသူ | ချားလ် ဒစ်ကင်း |
---|---|
မူလခေါင်းစဉ် | A Christmas Carol. In Prose. Being a Ghost Story of Christmas. |
သရုပ်ဖော်သူ | ဂျွန်လိချ် |
နိုင်ငံ | အင်္ဂလန် |
ထုတ်ဝေခြင်း | ၁၈၄၃ ဒီဇင်ဘာ ၁၉ |
ထုတ်ဝေသူ | ချပ်မန်းနှင့် ဟောလ် |
စာသား | ဝီကီရင်းမြစ် ပေါ်ရှိ A Christmas Carol |
ဒစ်ကင်းသည် ဤ ခရစ်စမတ်သီချင်းတစ်ပုဒ် ဇာတ်လမ်းကို ဗြိတိသျှလူမျိုးများ၏ ခရစ်စမတ် ရိုးရာဓလေ့များ၊ ခရစ်စမတ်သီချင်းများနှင့် ခရစ်စမတ်သစ်ပင်ကဲ့သို့သော ဓလေ့အသစ်များကို ပြန်လည်ဖော်ထုတ် မြှင့်တင်တန်ဖိုးထားနေစဉ်အချိန်အတွင်းက ရေးသားခဲ့ကာ ဒစ်ကင်းကို လွှမ်းမိုးဩဇာသက်စေသူများမှာ ဝါရှင်တန် အားဗင်း (Washington Irving)၊ ဒဂ်လာ့စ် ဂျဲရိုးလ် (Douglas Jerrold) တို့ရေးသားသော ခရစ်စမတ်ဇာတ်လမ်းများ ဖြစ်ကြပြီး ၎င်း၏ငယ်စဉ်အတိတ်ဘဝ၏ လွှမ်းမိုးမှုလည်းပါဝင်လေသည်။ ဤ လုံးချင်းဝတ္ထုတို (ဝတ္ထုလတ်) မရေးမီက ခရစ်စမတ်ဇာတ်လမ်းသုံးပုဒ် ရေးသားဖူးလေသည်။ တစ်ရက်၌ ဖီးလ်ဒ် လမ်းကြားရှိ ရက်ဂစ်ကျောင်း (တိုက်ရိုက်အနက်-ဟောင်းနွမ်းစုတ်ပြတ်သည့်ကျောင်း) သို့ရောက်ခဲ့ရာ ထိုကျောင်းမှာ လန်ဒန်မြို့လမ်းမများပေါ်က ကလေးများအတွက် တည်ထောင်ထားသော ကျောင်းမျိုးဖြစ်ပြီး ထိုကျောင်းသို့ ရောက်ပြီးမှ ဤဝတ္ထုရေးရန် စိတ်စေစားခြင်းခံရသည်။ ဆင်းရဲနွမ်းပါးသူများကို ဆက်ဆံပုံနှင့် အတ္တသမားတစ်ဦး၏ လူကောင်းတစ်ယောက်အဖြစ် ပြန်လည်အဖတ်ဆည်ပုံတို့သည် ဤဇာတ်လမ်း၏ အဓိကအကြောင်းအရာပင်ဖြစ်လေ၏။ ဤဝတ္ထုနှင့်ပတ်သက်၍ ဇာတ်လမ်းသည် လောကီသက်သက်ဇာတ်လမ်းဖြစ်သည် သို့မဟုတ် ခရစ်ယာန်ဘာသာရေးပုံဆောင်ဇာတ်လမ်းဖြစ်သည် စသည်ဖြင့် ပညာရှင်များအကြား ဆွေးနွေးပြောဆိုမှုများရှိကြသည်။
ဒီဇင်ဘာ ၁၉ တွင် ထုတ်ဝေခဲ့၍ ခရစ်စမတ်မရောက်မီ ညနေခင်းကာလတွင် ရောင်းကုန်ခဲ့ကာ ၁၈၄၄ အဆုံး၌ ထုတ်ဝေမှုအကြိမ် (၁၃) ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ စာပေဝေဖန်ရေးဆရာတို့ကလည်း ဤဝတ္ထုလတ်ကို နှစ်ခြိုက်အားပေးသုံးသပ်ခဲ့ကြသည်။ ၁၈၄၄ ဇန်နဝါရီတွင် ဇာတ်လမ်းကို တရားမဝင် ခိုးယူထုတ်ဝေမှုများရှိခဲ့ကြပြီး ထုတ်ဝေသူများသည် စာအုပ်ထုတ်ဝေခြင်းမှ ရသော ဒစ်ကင်းအတွက် အကျိုးအမြတ်ကို ပို၍ လျှော့ချခဲ့ကြ၏။ ဒစ်ကင်းသည် ထိုထုတ်ဝေသူများကို တရားစွဲဆိုမှုများပြုခဲ့ရာ ထုတ်ဝေသူများ ဒေဝါလီခံခဲ့ရလေသည်။ ထိုနောက်ပိုင်းနှစ်များ၌ ခရစ်စမတ်ဇာတ်လမ်းလေးပုဒ်ကို ဆက်လက်ရေးသားခဲ့ပြီး ယခုဖော်ပြပါ ခရစ်စမတ်သီချင်းတစ်ပုဒ် ဇာတ်လမ်းကို ဖတ်ကြားမှုတစ်ခုပြုခဲ့ရာ အလွန်အောင်မြင်ခဲ့၍ ၎င်းကွယ်လွန်သော ၁၈၇၀ အထိ ဝတ္ထုဖတ်ရှုမှု (၁၂၇) ကြိမ် ပြုလုပ်ခဲ့သည်။ ဤဝတ္ထုသည် အမြဲလိုလို ရိုက်နှိပ်ထုတ်ဝေခဲ့ရ၍ ဘာသာစကားအချို့သို့ ဘာသာပြန်ဆိုမှုများလည်းရှိသည်။ ဇာတ်လမ်းကို ရုပ်ရှင်၊ ပြဇာတ်၊ အော်ပရာ နှင့် အခြားပုံစံများသို့ ပုံဖော်တင်ဆက်ခြင်းများစွာ ရှိခဲ့သည်။ ခရစ်စမတ်သီချင်းတစ်ပုဒ် သည် ခရစ်စမတ် အားလပ်ရက်ကို ပြန်လည်ဖော်ထုတ်ခဲ့သော ဝိတိုရိယခေတ်၏ ထူးခြားသော အငွေ့အသက်ကို ဖမ်းယူနိုင်ခဲ့သည်။ ဒစ်ကင်းသည် ခရစ်စမတ်ပွဲတော်နှင့်ပတ်သက်၍ အနောက်တိုင်း၏ ခေတ်သစ်လေ့လာစူးစမ်းမှု၏ ဩဇာညောင်းမှုကို အသိအမှတ်ပြုခဲ့၏။ နောက်ပိုင်းကာလများ၌ ဒစ်ကင်းသည် ခရစ်စမတ်ပွဲ၏ သွင်ပြင်လက္ခဏာအချို့ကိုလည်း စေ့ဆော်ပေးနိုင်ခဲ့ရာ မိသားစုများတွေ့ဆုံခြင်း၊ ရာသီပေါ်အစားအစာ၊ ယာမကာ၊ အက၊ ကစားခုန်စားနှင့် ပွဲတော်၏ ရက်ရောတတ်သောအငွေ့အသက်၊ စိတ်ဆန္ဒများ ပါဝင်ပေသည်။