ကူးစက်တတ်သည့် ရောဂါများ
From Wikipedia, the free encyclopedia
ကူးစက်ရောဂါဆိုသည်မှာ ရောဂါဝေဒနာရှင် တစ်ဦးထံမှ ရောဂါပိုးများသည် အခြားသူ တစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ လေ၊ ရေ၊ အစားအစာ၊ ပိုးမွှားတိရစ္ဆာန် တို့မှတဆင့် ဝင်ရောက်သွားပြီး ပြန့်ပွားသွားသော ရောဂါမျိုးကို ဆိုလိုသည်။ ကူးစက်တတ်သည့် ရောဂါများသည် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ပရိုတိုဇွန်းကောင်၊ ဖန်းဂပ် (မှိုမျိုး)နှင့် တဆေးကဲ့သို့သော အနုဇီဝရုပ်များကြောင့် ဖြစ်ပွားသည်။ ကူးစက်တတ်သော ရောဂါများဟူ၍ အများအပြားရှိရာ ထင်ရှားသည့် ရောဂါများမှာ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ တီဘီရောဂါ၊ ကာလသားရောဂါ၊ ကုဋ္ဌနူနာရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ ဝက်တုပ်ကွေးရောဂါ၊ ကျောက်ကြီး(ကျောက်ရောဂါ)နှင့် ငှက်ဖျားရောဂါများဖြစ်သည်။
ပရိုတိုဇွန်းကောင်များက ငှက်ဖျားရောဂါကို ဖြစ်စေသည်။ ဖန်းဂပ်က ပွေး(ရောဂါ)ကို ဖြစ်စေသည်။ တဆေးမှာ မက်ခရုကို ဖြစ်စေသည်။ ဗက်တီးရီးယားက ဝမ်းကိုက်၊ အဆုတ်ရောင်နာ၊ တီဘီ၊ ပလိပ်၊ ကာလဝမ်းနှင့် ဆစ်ဖလစ်ရောဂါတို့ကို ဖြစ်စေသည်။ ဗိုင်းရပ်စ်များက ကျောက်ကြီး၊ ဝက်သက်၊ HIV/AIDS စသည့်ရောဂါများ ဖြစ်စေသည်။