၂၀၂၁ အမေရိကန်ပြည်ထောင်စု ကာပီတယ်လ် အဆောက်အအုံကို စီးနင်းခြင်း
From Wikipedia, the free encyclopedia
၂၀၂၁ ဇန်နဝါရီ ၆ တွင် အမေရိကန်ပြည်ထောင်စု၏ သမ္မတ ဒေါ်နယ်လ် ထရမ့်ကို ထောက်ခံအားပေးသော ဆူပူဆန္ဒပြလူအုပ်စုကြီးတစ်စုသည် နိုင်ငံ၏လွှတ်တော် အဆောက်အဦဖြစ်သော ကာပီတယ်လ် (The Capitol) ကို လုံခြုံရေး ချိုးဖောက်ဝင်ရောက်ကာ အဆောက်အဦ၏ အစိတ်အပိုင်းများကို နာရီအနည်းငယ်ကြာ သိမ်းပိုက်ထားလျှက် အင်အားဖြင့်ဝင်ရောက်စီးနင်းခဲ့ကြသည်။ ဤအဓိကရုဏ်းသည် သမ္မတ ထရမ့်၏ အစောပိုင်း လူထုဟောပြောပွဲများတွင် ပြေဆိုသော စကားများက ဖြစ်စေခဲ့သည်ဟု သတင်းများကထုတ်ပြန်ကြသည်။[8][9][10] ဤသို့ ဝင်ရောက်စီးနင်းမှုသည် အမေရိကန်ပြည်ထောင်စု၏ ပြည်ထောင်စုကိုယ်စားလှယ်များ (Electoral College) ၏ မဲကိုရေတွက်ခြင်းနှင့် ၂၀၂၀ အမေရိကန်အထွေထွေရွေးကောက်ပွဲတွင် သမ္မတ ဂျိုး ဘိုက်ဒန်၏ အနိုင်ရရှိခြင်းကို အတည်ပြုပေးခြင်း ဖြစ်စဉ်တို့ကို အနှောက်အယှက်ဖြစ်စေခဲ့၏ ။ ထို့ကြောင့် ကိုယ်စားလှယ်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရပြီး အဆောက်အဦကို ပိတ်ဆို့မှုများပြုလုပ်ခဲ့ရသည်။
၂၀၂၁ အမေရိကန်ပြည်ထောင်စု ကာပီတယ်လ် အဆောက်အအုံကို စီးနင်းခြင်း | |
---|---|
Part of ၂၀၂၀-၂၀၂၁ အမေရိကန်အထွေထွေရွေးကောက်ပွဲကို ဆန္ဒပြမှုများနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုရလဒ်ကို ပယ်ဖျက်ရန်ကြိုးပမ်းမှု | |
အပေါ်မှအောက်၊ ဝဲမှယာသို့ : ကာပီတယ်လ်အဆောက်အအုံအပြင်၌ လူအုပ်ကြီးစုရုံးနေခြင်း၊ သမ္မတ ထရမ့် "အမေရိကကိုကယ်ဆယ်ပါ" လူထုတွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားနေခြင်း၊ ဆန္ဒပြသူများ Black Lives Matter Plaza တွင် စုရုံးခြင်း။ | |
နေ့ရက် | ဇန်နဝါရီ ၆၊ ၂၀၂၁ (၂၀၂၁-၀၁-၀၆) |
နေရာ | ဝါရှင်တန် ဒီစီ၊ ကာပီတယ်လ်အဆောက်အအုံ 38°53′23.3″N 77°00′32.6″W |
အကြောင်းရင်းခံ | ၂၀၂၀ သမ္မတရွေးချယ်ခြင်းနှင့်ပတ်သက်၍ ပြဘ်ထောင်စုကိုယ်စားလှယ်များ၏ မဲရေတွက်ခြင်းကို ဆန့်ကျင်မှု |
ထိခိုက်သူများ | |
သေဆုံးသူ(များ) | ၅ |
ဒဏ်ရာရသူ | အနည်းဆုံး ၅၆ ဦး (ကာပီတယ်လ် ရဲများနှင့် မြို့တော်ရဲများ) [5][6] ရဲမဟုတ်သောသူ အနည်းဆုံး ၅ ဦး |
ဖမ်းဆီးခံရသူ | အနည်းဆုံး ၈၀ [7] |
ရွေးကောက်ပွဲလိမ်လည်မှုဟူ၍ မမှန်ကန်သော စွပ်စွဲချက်ပြောဆိုခဲ့အပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ထောင်ချီရှိသောလူအုပ်စုကြီးသည် ဝါရှင်တန် ဒီ စီ မြို့တော်တွင် ရွေးကောက်ပွဲရလဒ်ကို ဆန္ဒပြသပိတ်မှောက်ရန်နှင့် ဒုတိယသမ္မတ မိုက်ပန့်စ်အား ဘိုက်ဒန်၏ ရွေးကောက်ပွဲအနိုင်ရရှိမှုကို ငြင်းပယ်ရန် စသည်များကို တောင်းဆိုရန်အတွက် ဇန်နဝါရီ ၅ ၊ ၆ တို့တွင် စုရုံးခဲ့ကြ၏ ။[11][12][13]
ဇန်နဝါရီ ၆ ရက် နံနက်ခင်းတွင် ဆန္ဒပြသူများသည် ဒေါ်နယ် ထရမ့်၊ ရူဒီဂျူလီယာနီနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ မိန့်ခွန်းပြောသောနေရာဖြစ်သည့် အစ်လစ်ပ်စ် (သမ္မတပန်းခြံတောင်ပိုင်း - the Ellipse) တွင် "အမေရိကကို ကယ်ဆယ်ပါ လူထုစည်းဝေးပွဲ" တွင်စုရုံးခဲ့ကြသည်။[14][15][16] ထရမ့်က ၎င်းကိုထောက်ခံသူများအား ရေကုန်ရေခန်းတိုက်ခိုက်ရန်၊ တိုင်းပြည်ကို ပြန်လည်ရယူရန် နှင့် ကာပီတယ်လ် သို့ချီတက်ရန် စသည်များပြောကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြကြသည်။[17]
ထို့နောက်ပိုင်း၌ သမ္မတ ထောက်ခံသူများက ကာပီတယ်လ်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ကြလေသည်။[18] ယင်းအချိန်၌ လွှတ်တော်အတွင်း ပြည်ထောင်စုကိုယ်စားလှယ်များ၏မဲကို ရေတွက်မှု ဆောင်ရွက်နေစဉ်ဖြစ်သည်။ အဆောက်အအုံထဲသို့ ဆူပူသူများက ပြတင်းပေါက်၊ တံခါးများ ရိုက်ချိုး၍ ဝင်ရောက်လာခဲ့စဉ် ကာပီတယ်လ်လုံခြုံရေးရဲများသည် အထက်လွှတ်တော် ဆီးနိတ်နှင့် အောက်လွှတ်တော်တို့မှ အမတ်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ကြရသည်။ ဤအဆောက်အအုံရှိ အချို့သော အခန်းများတွင်ရှိနေသောသူများအားလည်း လုံခြုံရာသို့ ပို့ဆောင်ခဲ့ကြ၍ ထိုသူများကို ဘေးကင်းစေရန် အခန်းများအား ပိတ်ခတ်ထားခဲ့ရလေသည်။ ဆူပူသူများက လုံခြုံရေးကို ချိုးဖောက်ကာ ဆီးနိတ်ခန်းမထဲသို့ ဝင်ရောက်ခဲ့ကြစဉ် အစောင့်များမှာ လက်ကိုင်သေနတ်များထုတ်၍ ဆူပူသူများအား အောက်လွှတ်တော်ရှိရာအထပ်သို့ မဝင်ရောက်နိုင်စေရန် တားမြစ်ခဲ့ကြ၏ ။[19][20][21][22][23]
ဤဖြစ်ပျက်မှုမှ လူငါးဦးသေဆုံးသည်ဟု အတည်ပြုနိုင်၍ အခြားသူအချို့လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာများ ရရှိခဲ့ကြသည်။ အောက်လွှတ်တော်ခန်းမသို့ ဝင်ရောက်ရန်ကြိုးပမ်းသော အမျိုးသမီးကို ဥပဒေအရ ပစ်ခတ်မှုရှိခဲ့ပြီး အဆိုပါအမျိုးသမီးသည် နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။[24][25][26] ကာပီတယ်လ်ရဲအရာရှိ ဘရိုင်ယန် ဒီ ဆစ်ခ်နစ်ခ် (Brian D. Sicknick) သည်လည်း မီးသတ်ဆေးဘူးဖြင့် ဆူပူသူများ၏ တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးခဲ့သည်။[27][3] ဆန္ဒပြဆူပူသူသုံးဦးသည် ဤအဖြစ်အပျက်အတွင်း သေစေနိုင်လောက်သော ဒဏ်ရာများရရှိခဲ့ကြ၏ ။
လက်လုပ် ပေါက်ကွဲစေသောပစ္စည်းများကို ကာပီတယ်လ်အဆောက်အအုံ မြေပြင်၊ ဒီမိုကရက်တစ် အမျိုးသားကော်မတီရုံးခန်းနှင့် ရစ်ပါဘလစ်ကန် အမျိုးသားကော်မတီ ရုံးခန်းတို့တွင် တွေ့ရှိရ၏ ။
သမ္မတ ထရမ့်က ဤအဓိကရုဏ်းကို တုံ့ပြန်ရန် နှေးကွေး၍ ဆူပူသူများကို "မျိုးချစ်ပုဂ္ဂိုလ်များ" ဟု ပြောဆိုကာ အိမ်သို့ ငြိမ်းငြိမ်းချမ်းချမ်းပြန်ရန် တိုက်တွန်းခဲ့သည်။ သို့သော် ရွေးကောက်ပွဲနှင့်ပတ်သတ်၍ မမှန်ကန်သောအချက်များကို ပြောဆိုခဲ့သည်ဟု သတင်းများတွင်ဖော်ပြကြသည်။ အဆိုပါညနေ နှောင်းပိုင်းတွင် လူအုပ်ကြီး တစတစ ပြန့်ပါးသွားခဲ့၍ မဲရေတွက်မှုကို ည ၈:၀၀ (EST) တွင် ပြန်လည်လုပ်ဆောင်ခဲ့ကြပြီး နောက်တစ်ရက်နံနက်ခင်း၌ အဆုံးသတ်နိုင်ခဲ့ကြသည်။ ထရမ့်သည် မိမိအစိုးရအဖွဲ့ဝင်များ၏ နုတ်ထွက်ခြင်း၊ ဖိအားပေးခြင်းများအောက်၌ အဏာအလွှဲအပြောင်းသည် စနစ်တကျဖြစ်မည်ဟု တရားဝင်ထုတ်ပြန်ခဲ့၏ ။[28][29][30]
ဤရုန်းရင်းဆန်ခတ် ဆူပူမှုအား နိုင်ငံအတွင်းရှိ နိုင်ငံရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းများက ရှုတ်ချခဲ့ကြရာ ဆီးနိတ်အများစုခေါင်းဆောင် မစ်ချ် မက်ကာနယ်လ်က "ကျဆုံးသွားသော အဓိကရုဏ်း" ဟု ရှုတ်ချ၍ အောက်လွှတ်တော်သဘာပတိ နန်စီ ပလိုစီနှင့် ဆီးနိတ်အနည်းစုခေါင်းဆောင် ချာ့ခ် ရှူးမားတို့က မိုက်ပန့်စ်အား ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြည့်စွက်ပြင်ဆင်ချက် အမှတ် (၂၅) ကို အသက်သွင်းဆောင်ရွက်ရန်တောင်းဆိုခဲ့ကြပြီး တစ်ဖက်တွင်လည်း သမ္မတအား ဒုတိယအကြိမ်မြောက် ရာထူးမှဖယ်ရှားရေး လုပ်ဆောင်မှု ပြုရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြသည်။[31]
ဤသို့သောအဖြစ်အပျက်သည် ကာပီတယ်လ်အဆောက်အအုံအတွက် ဗြိတိသျှစစ်တပ်၏ ဝါရှင်တန်မြို့ကို ကျူးကျော်တိုက်ခိုက်မှု ၁၈၁၄ (စစ်ပွဲအမည်ဖြင့် ၁၈၁၂ စစ်ပွဲဟု ခေါ်ဆို) မှစ၍ ပထမဆုံးကြုံတွေ့ခဲ့ရသော အဓိကရုဏ်းလည်းဖြစ်သည်။[32]