အောင်ဆန်း-အက်တလီ စာချုပ်
From Wikipedia, the free encyclopedia
အောင်ဆန်း-အက်တလီ စာချုပ်သည် တစ်နှစ်အတွင်း မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန် မြန်မာအမျိုးသားခေါင်းဆောင်များနှင့် ဗြိတိသျှအစိုးရတို့၏ သဘောတူညီချက်များ ပါသည့် စာချုပ် ဖြစ်သည်။ ဗြိတိသျှ အစိုးရနှင့် မြန်မာခေါင်းဆောင်များ မြန်မာ့လွတ်လပ်ရေးအတွက် ပထမဆုံးချုပ်ဆိုသည့် စာချုပ်ဟု ဆိုနိုင်သည်။ စာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် ၁ဝ ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ စာချုပ်ကို မြန်မာတို့ဘက်မှ ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်၍လည်းကောင်း၊ ဗြိတိသျှ အစိုးရ ဘက်မှ ဗြိတိသျှ ဝန်ကြီးချုပ် ကလီးမင့် ရစ်ချတ် အက်တလီ (Clement Attlee) က ခေါင်းဆောင်၍လည်းကောင်း ဆွေးနွေးပြီး သဘောတူလက်မှတ် ထိုးကြသောကြောင့် အောင်ဆန်း - အက်တလီ စာချုပ်ဟု ခေါ်သည်။ စာချုပ်တွင် အချက်ကြီး ၁ဝ ချက် ပါဝင်သည်။
စာချုပ်ပါ အဓိက အချက်များ၏ အချုပ် သဘောမှာ -
- ဗိုလ်ချုပ်အောင်ဆန်း ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော မြန်မာပြည်ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီသည် ကြားဖြတ်အစိုးရအဖြစ် အသိအမှတ် ပြုခံရသည်။
- ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန များကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ် အစိုးရက အုပ်ချုပ်ခွင့်ရသည်။
- ဗြိတိသျှ လက်နက်ကိုင်တပ်များမှအပ မြန်မာနိုင်ငံ ကာကွယ်ရေးဆိုင်ရာ လက်နက်ကိုင်တပ်များကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ်အစိုးရက အုပ်ချုပ်ခွင့်ရသည်။
- ကိုယ်ပိုင်ဘဏ္ဍာရေး အုပ်ချုပ်ခွင့်ရသည်။
- မြန်မာအစိုးရကိုယ်စားလှယ် မဟာမင်းကြီးတစ်ဦး လန်ဒန်မြို့၌ ထားခွင့်ရသည်။
- မြန်မာ ပြည်မနှင့် တောင်တန်း ဒေသများကို တပေါင်းတည်း လွတ်လပ်ရေး ပေးရန်အတွက် တောင်တန်းဒေသများ၏ ဆန္ဒယူရန် သဘောတူကြသည်။
- အရွယ်ရောက်သူတိုင်း မဲပေးနိုင်သော စနစ်ဖြင့် ရွေးကောက်သော တိုင်းပြု ပြည်ပြု လွတ်တော် ခေါ်ရမည်။
- တိုင်းပြု ပြည်ပြု လွတ်တော်က လွတ်လပ်လာမည့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် အနာဂတ် ပုံသဏ္ဌာန်ကို ဆုံးဖြတ်ရမည်။
- ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်ရေးအတွက် ဗြိတိသျှ အစိုးရက ထောက်ခံကူညီမည်။
ဤစာချုပ် ချုပ်ဆိုနိုင်ခြင်းအားဖြင့် ဗြိတိသျှအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ စက္ကူဖြူစီမံကိန်း ခေါ် စက္ကူဖြူအုပ်ချုပ်ရေးသည် လုံးဝ ချုပ်ငြိမ်းသွားသည်။ ဤစာချုပ် အရပင် တိုင်းပြု ပြည်ပြု လွှတ်တော် ခေါ်နိုင်၍ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ထူထောင်ခွင့်ရခဲ့သည်။ ဥပဒေသဘောအရ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်မှ လွတ်လပ်ရေး ရခဲ့သော်လည်း လက်တွေ့သဘောအရ ကြည့်လျှင် ဤစာချုပ်ချုပ်သည့် နေ့မှာပင် လွတ်လပ်ရေးရသည်ဟု ဆိုနိုင်ရာသည်။