အသိုက်
တိရိစ္ဆာန်များအတွက် နားခိုရာ / From Wikipedia, the free encyclopedia
အသိုက်ဟူသည်မှာ ဥများ၊ ရင်သွေးငယ်များအပြင် မိမိကိုယ်တိုင် နားနေခိုလှုံနိုင်ရန်အတွက် အချို့ငှက်များက တည်ဆောက်ထားသော ပုံစံ ဖြစ်သည်။ အသိုက်ကို များသောအားဖြင့် ငှက်များ ဆောက်လုပ်သည်မှန်သော်ငြား၊ ကျောရိုးရှိ မျိုးရင်းအားလုံးနှင့် ကျောရိုးမဲ့အချို့ကလည်း အသိုက်ကို ဆောက်သည်။ အသိုက်ကို အော်ဂဲနစ်ပစ္စည်းများ ဥပမာ သစ်ခက်သစ်ကိုင်း၊ မြက်ပင်၊ သစ်ရွက်များဖြင့် ဖွဲ့စည်းတည်ဆောက်နိုင်ပြီး၊ မြေကြီးပေါ်၌ ဤအတိုင်း ချိုင့်ခွက်ရာကလေး၊ ကျောက်တုံး၊ သစ်ပင်ထက်နှင့် အဆောက်အဦများအကြား တွင်း၊ ဂလိုင်၊ အပေါက်ကလေးများတွင် ဆောက်လုပ်နေထိုင်ခြင်းမျိုးလည်း ဖြစ်ပေမည်။ လူသားများ ပြုလုပ်သော ကြိုး၊ ပလတ်စတစ်၊ အဝတ်စ၊ စက္ကူစသည်တို့ကိုလည်း အသုံးပြုထားနိုင်သည်။ အသိုက်ကို နေရာဒေသမျိုးစုံဝယ် တွေ့မြင်ရနိုင်သည်။
အသိုက်ဆောက်ခြင်းကို ငှက်များနှင့် သွေးနွေးသတ္တဝါများတွင် သဘာဝအလျောက် ရှင်သန်ရရေးထိုးထွင်းသိက တွန်းအားပေးသည့်အတွက် လုပ်ဆောင်ရလေသည်။
ယေဘုယျအားဖြင့် မျိုးစိတ်တမျိုးစီတွင် တမူထူးခြားသော အသိုက်ဆောက်ပုံဆောက်နည်းကို ပိုင်ဆိုင်သည်။ ငှက်ကြီးများ ဆောက်သော အသိုက်နှင့် ငှက်ငယ်များ ဆောက်သော အသိုက်သည် မတူကွဲပြားသည်။ မြေ၌ တွင်းတူး အသိုက်လုပ် နေထိုင်သော သတ္တဝါမျိုး ရှိသလို၊ ရာပေါင်းများစွာသော အသိုက်များ စုပေါင်းအုံဖွဲ့ နေထိုင်သော အသိုက်အုံသဖွယ် နေရာများလည်း ရှိသည်။ ပရေရီခွေးများ၏ အသိုက်နှင့် အင်းဆက်များ၏ အသိုက်များသည် အုံလိုက်ကျင်းလိုက် တွေ့ရသည့် အသိုက်မျိုး ဖြစ်သည်။