အတ္ထုပ္ပတ္တိ
From Wikipedia, the free encyclopedia
အတ္ထုပ္ပတ္တိ ဟူသည် ပါဠိစကားလုံးဖြစ်သည်။ အနက်အဓိပ္ပာယ်မှာ `အကြောင်းအရာ၏ ဖြစ်ခြင်း´ဟု အဓိပ္ပာယ်ရသည်။ ယင်းပါဠိစကားကို ယူ၍ မြန်မာစာပေ၌ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝဖြစ်ရပ်အား ရေးသားတင်ပြသည့် စာပေအမျိုးအစားကို အတ္ထုပ္ပတ္တိ ဟူ၍လည်းကောင်း၊ အတ္ထုပ္ပတ် ဟူ၍လည်းကောင်း ယေဘုယျအားဖြင့် ခေါ်ဆိုသည်။ ဒန္တဇအက္ခရာ ထဆင်ထူးမှ မုဒ္ဓဇ အက္ခရာ ဌဝမ်းဘဲပြောင်း၍ ဆိုခြင်းမှာလည်း ရှေးဟောင်း ပါဠိကျမ်းဂန်အရပင် ဖြစ်သည်။ [1]
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝနှင့် စရိုက်ကို ဖော်ပြသည့်စာသည် အတ္ထုပ္ပတ္တိ ဖြစ်သည်။ အတ္ထုပ္ပတ္တိသည် ကဗျာ၊ ပြဇာတ်၊ ဝတ္တုစသည်တို့ကဲ့သို့ပင် စာပေ၏ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သည်။ စာပေ၏ အခြားအင်္ဂါအစိတ်အပိုင်း တစ်ခုကဲ့သို့ပင် အတ္ထုပ္ပတ္တိသည် စာဖတ်သူတို့အား စိတ်ဝင်စားမှုလည်း ဖြစ်ပွားစေသည်။ အကျိုးလည်း များစေသည်။ အတ္ထုပ္ပတ္တိကို ဖတ်လျှင် စာဖတ်သူသည် စိတ်ဝင်စားမှုရရှိပြီး မိမိအတွက် အကျိုးများစေမည့် အချက်အလက်များကို သိရှိနားလည်နိုင်သည်။ အခြားသော ပုဂ္ဂိုလ်များ၏ ဘဝဖြစ်ရပ်နှင့် စရိုက်ကို သိရှိနားလည်ပါက မိမိဘဝဖြစ်ရပ်နှင့် စရိုက်ကို ပြန်လည်သုံးသပ်ပြီး ပြုပြင်သွားသင့်သည်ကို ပြုပြင်သွားနိုင်ပေသည်။ အတုယူသင့်သည်ကို အတုယူသွားနိုင်သည်။ စွန့်ပယ်သင့်သည်ကို စွန့်ပယ်သွားနိုင်ပေသည်။