ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်း
From Wikipedia, the free encyclopedia
ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်း (အင်္ဂလိပ်: Hollywood Walk of Fame) သည် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့၊ ဟောလိဝုဒ် ရုပ်ရှင်နယ်မြေကြီးတွင် ရှိသည့် ပြတိုက်ဆန်ဆန် နေရာတစ်ခု ဖြစ်သည်။ ရုပ်ရှင်၊ ဂီတ၊ ရုပ်မြင်သံကြား၊ ရေဒီယို စသည့် ဖျော်ဖြေရေးဆိုင်ရာ လုပ်ငန်းများတွင် အောင်မြင်ကျော်ကြားသော အနုပညာရှင် ငွေကြယ်ပွင့်များကို ဂုဏ်ပြုသည့်အနေဖြင့် ကြေးဝါစသည်ဖြင့် ပြုလုပ်ထားသည့် ထိပ်ချွန်းငါးဖက်ပါ အထိမ်းအမှတ်ကြယ်ပွင့်များကို ထိုလျှောက်လမ်းတစ်လျှောက်တွင် အမှတ်တရ မော်ကွန်းတင်ထည့်သွင်းမြှုပ်နှံထားသည်။ ဟောလိဝုဒ်လမ်းကျယ်ကြီး (Hollywood Boulevard) ၏ ဘလောက် ၁၅ ခုနှင့် ဗိုင်းန်လမ်း (Vine Street) ၏ ဘလောက် ၃ ခုတို့ တစ်လျှောက်တွင် ကြယ်ပွင့်ပေါင်း ၂၆၀၀ ကျော်ကို မြှုပ်နှံထားခြင်း ဖြစ်သည်။[1] ထိုကြယ်ပွင့်များသည် ဖျော်ဖြေရေးဆိုင်ရာ ထုတ်လုပ်မှုများတွင် အောင်မြင်ကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင်၊ ဂီတပညာရှင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဂီတဆိုင်ရာအဖွဲ့၊ စိတ်ကူးယဉ်ဇာတ်ကောင် စသူတို့ကို ဂုဏ်ပြုမော်ကွန်းစိုက်ထူထားခြင်း ဖြစ်သည်။ ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ်လမ်းကြောင်းသည် နှစ်စဉ် ခရီးသွားဧည့်သည်ပေါင်း ၁၀ သန်းခန့် လာရောက်လည်ပတ်သော လူသိများသည့် နာမည်ကြီးနေရာတစ်ခု ဖြစ်သည်။[2]
ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်း Hollywood Walk of Fame | |
---|---|
6801 Hollywood Boulevard near the Dolby Theatre | |
တည်ထောင်ခြင်း | ၁၉၅၈ ခုနှစ် |
ကိုဩဒိနိတ် | 34.101630°N 118.326684°W / 34.101630; -118.326684 |
အမျိုးအစား | ဖျော်ဖြေရေးဆိုင်ရာ ကျော်ကြားမှုခန်းမ |
လည်ပတ်သူများ | နှစ်စဉ် ၁၀ သန်းခန့် |
ဝက်ဘ်ဆိုဒ် | တရားဝင် ဝက်ဘ်ဆိုဒ် |
Los Angeles Historic-Cultural Monument | |
ရွေးချယ်ခြင်း | ဇူလိုင် ၅၊ ၁၉၇၈ |
ရည်ညွှန်းနံပါတ် | 194 |