ဟာရီကိန်း ပက်ထရစ်ရှာ
၂၀၁၅ ခုနှစ်တွင်ဖြစ်ပွားခဲ့သော အဆင့် ၅ ဟာရီကိန်း / From Wikipedia, the free encyclopedia
ဟာရီကိန်း ပက်ထရစ်ရှာ (အင်္ဂလိပ်: Hurricane Patricia; စပိန်အသံထွက်: [paˈtɾisia]) သည် လေဖိအားတိုင်းတာမှုများအရ အနောက်ကမ္ဘာလုံးခြမ်းတွင် အပြင်းထန်ဆုံးသော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ပြီး၊ လေတိုက်နှုန်းအရ ကမ္ဘာ့အပြင်းထန်ဆုံးသော မုန်တိုင်းတစ်ခုဖြစ်သည်။[1] ၂၀၁၅ ခုနှစ် အောက်တိုဘာလလယ်ခန့်တွင် မက္ကဆီကိုအနောက်တောင်ပိုင်း Tehuantepec ပင်လယ်ကွေ့အနီးတွင် လေဖိအားနည်း အပြန့်အကျဲတစ်ခုအသွင် စတင်ဖြစ်ပေါ်လာခဲ့ပြီး အောက်တိုဘာ ၂၀ တွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲလာခဲ့သည်။ အစောပိုင်း ဖြစ်ထွန်းတိုးတက်မှုမှာ နှေးကွေးခဲ့ပြီး သတ်မှတ်ခဲ့သည့် ပထမဆုံးနေ့ရက်တွင်သာ အသင့်အတင့် အင်အားကောင်းလာခဲ့သည်။ နောက်ပိုင်းတွင် အပူပိုင်းမုန်တိုင်းအဖြစ် အသွင်ပြောင်းလာခဲ့ပြီး ပက်ထရစ်ရှာ အဖြစ် အမည်သတ်မှတ်ခဲ့ကာ ၂၀၁၅ ခုနှစ် ပစိဖိတ် ဟာရီကိန်းရာသီ၏ နှစ်ဆယ့်လေးခုမြောက်မုန်တိုင်း ဖြစ်လာခဲ့သည်။ ထူးခြားသည့် ပတ်ဝန်းကျင်အခြေအနေများကြောင့် အောက်တိုဘာ ၂၂ ရက်တွင် လျင်မြန်စွာ အရှိန်ပြင်းထန်လာခဲ့သည်။ အရှိန်ရလာပြီးနောက် မုန်တိုင်းမျက်စိဖြစ်ပေါ်လာခဲ့ပြီး ၂၄ နာရီအတွင်း အဆင့် ၅ ဟာရီကိန်း ဖြစ်လာခဲ့သည်။ အရှိန်ပြင်းထန်လာခြင်းသည် ဂြိုဟ်တုခေတ် (၁၉၆၀ ခုနှစ်များမှ လက်ရှိအချိန်) အတွင်း တိုင်းတာရရှိခဲ့သော ပစိဖိတ်ဟာရီကိန်းများထက် ပိုမိုကြီးမားခဲ့ကာ ၁၉၉၇ တွင် တိုက်ခတ်ခဲ့သော ဟာရီကိန်း လင်ဒါနှင့် ဆင်တူသောနှုန်းရှိခဲ့သည်။
အဆင့် ၅ ကြီးမားသော ဟာရီကိန်း (SSHWS/NWS) | |
မက္ကဆီကို အနောက်ပိုင်းသို့ ချဉ်းကပ်နေသော ဟာရီကိန်း ပက်ထရစ်ရှာ၏ အပြင်းထန်ဆုံးအခြေအနေ (အောက်တိုဘာ ၂၃) | |
ဖြစ်ပေါ်ခြင်း | အောက်တိုဘာ ၂၀၊ ၂၀၁၅ |
---|---|
ကွယ်ပျောက်ခြင်း | အောက်တိုဘာ ၂၄၊ ၂၀၁၅ |
အမြင့်ဆုံးလေတိုက်နှုန်း | 1-minute sustained: တစ်နာရီ ၂၀၀ မိုင်နှုန်း (တစ်နာရီ ၃၂၅ ကီလိုမီတာနှုန်း) |
အနိမ့်ဆုံး လေဖိအား | ၈၇၉ mbar (hPa)၊ ၂၅.၉၆ inHg (အနောက်ကမ္ဘာလုံးခြမ်းတွင် အနိမ့်ဆုံးအဖြစ် မှတ်တမ်းတင်) |
အသေအပျောက် | တိုက်ရိုက် ၈ ဦး၊ သွယ်ဝိုက် ၅ ဦး |
ပျက်စီးမှု | $၂၈၃.၂ သန်း (၂၀၁၅ USD) |
သက်ရောက်သည့် ဧရိယာ | ဗဟိုအမေရိက၊ မက္ကဆီကို၊ တက္ကဆပ် |
အောက်တိုဘာ ၂၃ နောက်ပိုင်းတွင် ပက်ထရစ်ရှာသည် ၁၉၅၉ မက္ကဆီကို ဟာရီကိန်း နောက်ပိုင်း အဆင့်ငါး ဟာရီကိန်းအနေဖြင့် မက္ကဆီကိုကမ်းခြေသို့ ဝင်ရောက်ခဲ့သော ဒုတိယမြောက် ပစိဖိတ်ဟာရီကိန်း ဖြစ်လာခဲ့သည်။ ၂၀၀၇ ခုနှစ်က တိုက်ခတ်ခဲ့သည့် ဟာရီကိန်း ဒင်း ပြီးနောက် မက္ကဆီကိုကမ်းခြေအား ရိုက်ခတ်ခဲ့သည့် ပထမဆုံး အဆင့်ငါး ဟာရီကိန်းလည်းဖြစ်သည်။
ပက်ထရစ်ရှာကြောင့် ဗဟိုအမေရိကတွင် မိုးရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ဂွါတီမာလာနိုင်ငံတွင် မုန်တိုင်းကြောင့် လူထောင်ပေါင်းများစွာ ထိခိုက်ခဲ့ရသည်။ အယ်ဆာဗေဒိုနိုင်ငံတွင် လေးဦး၊ ဂွါတီမာလာနှင့် နီကာရာဂွါနိုင်ငံတွင် တစ်ဦးစီ သေဆုံးခဲ့သည်။ မက္ကဆီကိုနိုင်ငံသို့ အဆင့်ငါး ဟာရီကိန်းအဖြစ် ဝင်ရောက်ခဲ့ရာ အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း ဝင်ရောက်သည့်နေရာမှာ ကျေးလက်ဒေသများဖြစ်သဖြင့် သက်သာခဲ့သည်။ အစောပိုင်း ခန့်မှန်းချက်များအရ နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့မည်ဟု ယူဆရပြီး ဟာရီကိန်းနှင့် ဆက်စပ်ပတ်သက်ပြီး လူခုနစ်ဦးသေဆုံးခဲ့ရသည်။ စုစုပေါင်းပျက်စီးဆုံးရှုံးမှုမှာ ပီဆို ၄.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈၃.၂ သန်း) ကျော် ရှိမည်ဟု ခန့်မှန်းရသည်။