သုံးပြည်ထောင်ခေတ်
From Wikipedia, the free encyclopedia
သုံးပြည်ထောင်ခေတ် (ရိုးရှင်းတရုတ်: 三国时代; ရိုးရာတရုတ်: 三國時代; ပင်ယင်: Sānguó Shídài) သည် အေဒီ ၂၂၀ မှ အေဒီ၂၈၀အထိ တရုတ်ပြည်ကြီးတွင် ဝေ (Wei), ရှူ(Shu), ဝူ(Wu) ဟူ၍ အဓိကနယ်မြေသုံးပိုင်း တစ်နည်း နိုင်ငံသုံးခုကွဲထွက်ကာ အသီးသီးအုပ်စိုးမင်းလုပ်ခဲ့သော အချိန်ကာလတစ်ခုဖြစ်သည်။[1] ဟန်မင်းဆက်(Han Dynasty) ပြိုကွဲသောအချိန်မှစတင်ကာ ကျင့်မင်းဆက် (Jin Dynasty) စတင်ထူထောင်သော အချိန်ကာလအပိုင်းအခြားထိဖြစ်သည်။ သုံးပြည်ထောင် (သို့) နိုင်ငံသုံးခု (Three Kingdoms) ဆိုသည့် ဝေါဟာရမှာ ဆီလျှော်ခြင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ပြည်ထောင်တစ်ခုခြင်းစီကို ဘုရင်တစ်ပါးစီက (King) အုပ်ချုပ်မင်းလုပ်ခြင်းမျိုးမဟုတ်ဘဲ တရုတ်ပြည်တစ်ပြည်လုံးကို အင်ပါယာဘုရင်(Emperor) ဆိုသော အမည်နာမကိုသုံးစွဲ၍သာ အုပ်စိုးခြယ်လှယ်ခဲ့သောကြောင့်ဖြစ်သည်။ [2] မည်သို့ပင်ဖြစ်စေ ဤသုံးပြည်ထောင် (Three Kingdoms) ဝေါဟာရကား တရုတ်နိုင်ငံနှင့်ပတ်သတ်သော အင်္ဂလိပ်စကားသုံးပညာရှင်များကြား၌ စံတစ်ခုအဖြစ်သုံးစွဲခဲ့ကြလေသည်။ တစ်ခြားသော တရုတ်ပြည်သမိုင်းများတွင် အမည်တူပြည်ထောင်များနှင့် ရောထွေးမှုမရှိစေရန် သမိုင်းပညာရှင်များက ဝေပြည်ထောင်အား ချောင်းဝေ(曹魏)[3][4]၊ ရှူပြည်ထောင်ကို ရှူဟန် (蜀漢) (သို့) ရှူ (蜀)၊ ဝူပြည်ထောင်ကို အရှေ့ဝူ (東吳; Dōng Wú) (သို့) စွန်းဝူ (孫吳) စသဖြင့် ဆီလျှော်ရာ ဝိသေသများပေါင်းထည့်ခေါ်ဝေါ်ခဲ့ကြသည်။ ယေဘူယျသဘောတရားအနေဖြင့် သုံးပြည်ထောင်ခေတ်ကာလသည် ဝေပြည်ထောင် (အေဒီ ၂၂၀) စတည်ထောင်ချိန်မှသည် ဝူပြည်ထောင်ကို ကျင့်မင်းဆက်တိုက်ခိုက်အနိုင်ယူသည့် နှစ် (အေဒီ ၂၈၀) ထိဖြစ်သည်။ အေဒီ ၁၈၄ မှ ၂၂၀ အစောပိုင်းကာလသည် ဤသုံးပြည်ထောင်ခေတ်တွင် အကြုံးမဝင်သောကာလဖြစ်ပြီး ဖြစ်ချင်သလိုဖြစ်ကာ မင်းမဲ့စရိုက်ဆန်စွာ တိုက်ခိုက်နေသော ကာလတစ်ခုလည်းဖြစ်သည်။ ၂၂၀-၂၆၀ ကာလသည်ဝေ၊ ရှူ၊ ဝူ သုံးအုပ်စု၏ စစ်ရေးစစ်ရာတည်ငြိမ်အောင်ကြိုးပမ်းသော ကာလဟု အကြမ်းဖျင်းမှတ်သားနိုင်သည်။ ထိုမှ နှောင်းပိုင်းကာလမှာ ရှူကို ဝေမှ တိုက်ခိုက်အနိုင်ပိုင်းခြင်း၊ ကျင့်မင်းဆက်မှ ဝေနန်းဆက်ကိုဖြုတ်ချခြင်း၊ ထို့နောက် ဝူ ကို ကျူးကျော်သိမ်းပိုက်ခြင်းများပါဝင်သည်။
သုံးပြည်ထောင်ခေတ် 三國 | |
---|---|
လက်ရှိအခြေအနေ | အင်ပါယာ |
မြို့တော် | လျို့ယန် (ချောင်းဝေပြည်ထောင်) ချန်ဒူး (ရှူဟန်ပြည်ထောင်) ကျင်းရဲ့ (ဝူပြည်ထောင်) |
ကိုးကွယ်မှု | တာအိုဘာသာ၊ ကွန်ဖြူးရှပ်ဝါဒ၊ ရိုးရာကိုးကွယ်မှု |
အစိုးရ | ဧကရာဇ်စနစ် |
ငွေကြေး | ဝူကျူး (五銖) ဒင်္ဂါး |
သုံးပြည်ထောင်ခေတ်သည် တရုတ်ပြည်သမိုင်းတွင် သွေးမြေအကျဆုံးသောခေတ်များအနက်တစ်ခုပင်။ သုံးပြည်ထောင်စလုံးကို ကျင့်မင်းဆက်မှ တစ်စုတစ်စည်းတည်းဖြစ်အောင်ပြုလုပ်အပြီး အေဒီ ၂၈၀ သန်းခေါင်စာရင်းများအရ အိမ်ထောင်စု (၂.၄) သန်းကျော်၊ လူဦးရေ (၁၆) သန်းကျော်ပြထားရာ ထိုအရေအတွက်မှာ ဟန်မင်းဆက် သန်းခေါင်စာရင်း ( အိမ်ထောင်စု (၁၀) သန်းကျော်၊ လူဦးရေ (၅၆) သန်းကျော်) ၏ အစိတ်အပိုင်းသာဖြစ်လေသည်။[5] ကျင့်မင်းဆက်၏ လူဦးရေစာရင်းမှာ အကြောင်းအချက်ပေါင်းများစွာကြောင့် တိကျမှုမရှိနိုင်သော်လည်း အေဒီ၂၈၀တွင် ၎င်းတို့တတ်နိုင်သမျှ လူဦးရေကောက်ယူရန် အမှန်တကယ်ကြိုးပမ်းခဲ့ကြသည်။[6]
နည်းပညာတီထွင်မှုများသည် ဤခေတ်တွင်သိသိသာသာ တိုးတက်ခဲ့သည်။ ရှူပြည်ထောင်၏ အမတ်ချုပ် ကျူးကော့လျှံ (ပညာရှိ ခုံမင်)Zhuge Liang[လင့်ခ်သေ] သည် သစ်သားနွားရုပ်ပုံလက်တွန်းလှည်းကိုတီထွင်ခဲ့ရာ အဆိုပါတွန်းလှည်းမှာ လက်ဖြင့်တွန်းရသော တွန်းလှည်းများ၏ အစောဆုံးပုံစံတစ်ခုဖြစ်နိုင်သည်။[7][8] ထို့နောက်ဆက်တိုက်ပစ်နိုင်သောဒူးလေးလက်နက်ကိုပို၍ အဆင့်မြင့်တင်နိုင်ခဲ့သည်။[9] ဝေပြည်ထောင်၏ စက်မှုအတတ်ပညာရှင် မာဂျွန်း(Ma Jun )သည် ဟန်ခေတ်ပညာရှင် ကျန်းဟန်း (Zhang Heng)ကဲ့သို့ ထူးချွန်ကာ ရေအားသုံးစက်ဖြင့်လည်ပတ်နိုင်သော ရုပ်သေးဇာတ်ရုံကို ဝေဘုရင် ချောင်းရွေ ( Cao Rui) အတွက်တီထွင်ပေးခဲ့ကာ လျို့ယန်မြို့တော် ဥယျာဉ်များအတွက် ရေသွင်းနိုင်စေရန် လေးထောင့်အခံ ချိန်းစနစ်ရေတင်စက်များကိုလည်း တီထွင်ခဲ့သည်။[10][11]
သုံးပြည်ထောင်ခေတ်သည် တိုတောင်းသော်လည်း ဤသမိုင်းဝင်ခေတ်နှင့်ပတ်သက်၍ တင်စားဖွဲ့ဆိုခဲ့ကြသည်ကို တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် ဗီယက်နမ်တို့၏ ယဉ်ကျေးမှုများတွင် အများအပြားတွေ့နိုင်သည်။ ပြဇာတ်၊ ကျေးလက်ပုံပြင်၊ ဝတ္ထုရှည်၊ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ၊ ဗီဒီယိုဂိမ်း စသည်တို့တွင် သုံးပြည်ထောင်ခေတ် အကြောင်းအရာများသည် လူသိထင်ရှားကြသည်။ နာမည်အကျော်ဆုံးမှာ မင် မင်းဆက်ခေတ်ကရေးသားသော လျှိုကွမ်းကျုံး (Luo Guanzhong)၏ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည့် သုံးပြည်ထောင်ခေတ်ဇာတ်လမ်းများ (Romance of the Three Kingdoms)ပင်ဖြစ်သည်။[12] ခိုင်လုံသော သမိုင်းမှတ်တမ်းမှာကား ချန်ရှိုး (Chen Shou) ၏ သုံးပြည်ထောင်ခေတ်မှတ်တမ်းများနှင့် ပေ့စုန့်ကျီ၏ (Pei Songzhi) မှတ်ချက်ရေးသားတင်ပြချက်များပင်ဖြစ်သည်။