သရေခေတ္တရာ
ရှေးမြို့ဟောင်း / From Wikipedia, the free encyclopedia
သရေခေတ္တရာသည် ပျူလူမျိုးတို့၏ ရှေးဟောင်းမြို့တော်ဖြစ်သည်။ သရေခေတ္တရာ (သို့မဟုတ်) သီရိခေတ္တရာ ပျူယဉ်ကျေးမှုအမွေအနှစ်(Sriketra, Pyu Cultural Heritage Region)နယ်မြေသည် ပဲခူးတိုင်းဒေသကြီးပြည်မြို့၏ အရှေ့တောင်ဘက်ငါးမိုင်ခန့်အကွာ၊ ရန်ကုန်မြို့၏ အနောက်မြောက်ဘက် မိုင် ၁၈ဝ ခန့်အကွာတွင် တည်ရှိသည်။ အေဒီ ၄ ရာစုမှ ၉ ရာစု အတွင်း ထွန်းကားခဲ့သည့် ရှေးပျူမြို့ဟောင်း တစ်ခုဖြစ်သည်။ သရေခေတ္တရာပျူမြို့ဟောင်းကို ဂဝံပတေ့အရှင်သူမြတ်အမှူးပြု၍ ဒွတ္တဘောင်မင်းကြီးတည်ထောင်ခဲ့ပြီး မင်းစဉ်မင်းဆက် အုပ်စိုးခဲ့ကြသည်။ မှန်နန်းမဟာရာဇဝင်တော်ကြီးမှ ကောက်နုတ်ဖော်ပြချက်တွင် သရေခေတ္တရာမင်းဆက် ၂၇ ဆက်ကို ဖော်ပြထားသည်။ သရေခေတ္တရာပျူမြို့ဟောင်းသည် စက်ဝိုင်းပုံမကျ ဘဲဥပုံမကျသော အဝိုင်းပုံသဏ္ဌာန်ဖြစ်သည်။ မြို့ရိုး၊ ကျုံးနှင့်အတူ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဆင်းတုတော်များ စသည်တို့ကို တွေ့ရှိရ သည်။ မြို့ရိုးသည် (၈ မိုင် ၈ ဖာလုံ) ရှိ၍ ဧရိယာအားဖြင့် ၅ ဒသမ ၅ စတုရန်းမိုင် ကျယ်ဝန်း၏။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
သရေခေတ္တရာ မင်းနေပြည်တော် သရေခေတ္တရာ | |
---|---|
လက်ရှိအခြေအနေ | မြို့ပြနိုင်ငံ |
မြို့တော် | သရေခေတ္တရာ |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ၊ နတ်ကိုးကွယ်ခြင်း |
အစိုးရ | သက်ဦးဆံပိုင် |
သီရိခေတ္တရာ (ဝါ) မှော်ဇာပြတိုက်အတွင်း ထူးထူးခြားခြားဖော်ပြထားသည်မှာ ပျူစာ ခင်ဘရွှေပေချပ်ဆိုင်ရာ ပါဠိတော်မြန်မာပြန်ပင် ဖြစ်သည်။ ထို့ပြင် ယင်းပြတိုက်အတွင်းမှာပင် ပျူခေတ် ရွှေပန်းတိမ်၊ ငွေပန်းတိမ်အတတ် ပညာများနှင့် လက်ရာများ၊ ပျူပုတီးများ၊ ဗိသုကာလက်ရာများနှင့် အနုပညာသည်များ၏ ကြေးရုပ်များမှာ အချိန်ယူ၍ကြည့်လေ ရှုမငြီး နိုင်လေဖြစ်၏။ စင်စစ် ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများတွင် သရေခေတ္တရာ သည် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး ဖြစ်၏။ သရေခေတ္တရာဟူသည် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမြို့ ဟု အဓိပ္ပာယ်ရသည်။ ပြည်မြို့အနီး မှော်ဇာရွာ တွင်တည်ရှိသည်။ (ပြည်ပေါက်ခေါင်းလမ်း ဘေး) မြို့ဟောင်းတွင် မှော်ဇာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာပါဝင်သည်။
သရေခေတ္တရာမြို့ဟောင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်ရှိခဲ့သည့် မြန်မာ့ရှေးဟောင်းလူတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစွာတည်ရှိနေခဲ့မှုကို ဖော်ပြနေသည်။ ၂၀၁၄ခုနှစ်၊ ဇွန်လ (၂၂)ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးမှ မြန်မာနိုင်ငံပျူရှေးဟောင်းမြို့(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။ [1]