လျှပ်စစ်မိုတာ
From Wikipedia, the free encyclopedia
လျှပ်စစ်မိုတာသည်အလုပ်လုပ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်စွမ်းအင်ကို စက်၏ စွမ်းအားအဖြစ်သို့ ပြောင်းပေးသောကရိယာဖြစ်သည်။ လျှပ်စစ်ဓာတ်ဖြင့် ခုတ်မောင်းရသော စက်အားလုံးလိုလိုမှာပင် လျှပ်စစ်မိုတာကို အသုံးပြုကြသည်။ အရွယ်အစားများမှာမူ ကိစ္စကိုလိုက်၍ သေးငယ်သောအရွယ်မှ အလွန်ကြီးမားသည့်အရွယ်အထိ အမျိုးမျိုးရှိကြပေသည်။ ခေတ်မီအလုပ်ရုံကြီးများရှိ စက်တိုင်းလိုလို၌ မိုတာတခုစီ တပ်ဆင်ထားတတ်ကြသည်ကို တွေ့ရ၏။ အသုံးပြုမည့် လျှပ်စစ်ဓာတ်ကို အလိုအလျောက် ဖန်တီးပေးသည့် စက်ကိုပင်လျှင် လျှပ်စစ်မိုတာဖြင့် လည်ပတ်စေသည်။
လျှပ်စစ်မိုတာပြုလုပ်ထားပုံနှင့် အလုပ်လုပ်ပုံသဘောမှာ လျှပ်စစ်ဓာတ်အကြောင်းတွင် ရေးထားသည့်အတိုင်း လျှပ်စစ်ဒိုင်နမိုနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ ဒိုင်နမိုတွင်အာမေချာကို လည်စေခြင်းဖြင့် လျှပ်စစ်ဓာတ်ကို ဖန်တီးပေးသည်။ လျှပ်စစ်မိုတာတွင်မှု လျှပ်စစ်ဓာတ်ကို စီးဖြတ်စေခြင်းဖြင့် အာမေချာကို လည်စေသည်။ စက်များကိုလည်စေရာ၌ အသုံးပြုသောအခါ မိုတာမှ အာမေချာကို စက်ဝင်ရိုးနှင့် တိုက်ရိုက်ဖြစ်စေ၊ ဗယ်လတင်ခေါ် ခါးပတ်ကြိုးဖြင့်ဖြစ်စေ တနည်းတလမ်း ဆက်သွယ်ပေးရလေသည်။
လျှပ်စစ်မိုတာတွင် ဒီစီမိုတာနှင့်အေစီမိုတာဟူ၍ နှစ်မျိုးရှိသည်။ ဒီစီမိုတာမှာ ဒီစီကားရင့်ခေါ် တဖက်သတ်စီးကားရင့်ဖြင့်လည်သော မိုတာမျိုးဖြစ်၍ အေစီမိုတာမှာ အေစီကားရင့်ခေါ် တဖက်တပြန်စီး ကားရင့်ဖြင့်လည်သော မိုတာမျိုးဖြစ်၏။ ဤမိုတာနှစ်မျိုးတွင်တဖန် အမျိုးမျိုးအစားစား ရှိပြန်သေး၍ ယင်းတို့ အကြောင်းကိုအောက်တွင် ဆက်လက်ဖော်ပြထားသည်။