လေယာဉ်တင်သင်္ဘော
ကမ်းခြေလေတပ်စခန်းအဖြစ်တာဝန်ထမ်းဆောင်သောစစ်သင်္ဘော / From Wikipedia, the free encyclopedia
လေယာဉ်တင်သင်္ဘော များသည် စစ်သင်္ဘော ဖြစ်ကြပြီး လေယာဉ်များ ပို့ဆောင်ရန်နှင့် တက်ဆင်းနိုင်ရန် အတွက် ပင်လယ်တွင်း သွားလာနိုင်သော လေတပ်စခန်းဌာနချုပ်များ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် လေယာဉ်တင်သင်္ဘောများသည် ရေတပ်များကို ကမ္ဘာ့နေရာ အနှံ့အပြားတွင် လေတပ်အင်အား သုံးစွဲနိုင်ရန်အတွက် ဒေသခံ မြေပြင်အခြေစိုက် လေတပ်စခန်းများကို အမှီပြုရန် မလိုတော့ပဲ ဆောင်ရွက်နိုင်သည်။ ပထမဆုံး လေယာဉ်တင်သင်္ဘောများ အဖြစ် မီးပုံးပျံများကို လွှတ်တင်သော သစ်သားဖြင့် တည်ဆောက်ထားသော သင်္ဘောများမှ အစပြုခဲ့ကြသော်လည်း အခုအခါတွင် တောင်ပံအသေနှင့် တောင်ပံလှည့်နိုင်သော လေယာဉ်ပျံ ဒါဇင်ပေါင်း မြောက်မြားစွာကို သယ်ယူပို့ဆောင်ပေးနိုင်သော နျူကလီးယား စွမ်းအင်သုံး သင်္ဘောများ အဖြစ်သို့ ပြောင်းလဲ လာခဲ့သည်။[1]
လေဘောလုံးတင် သင်္ဘော များမှာ လေယာဉ်တင်သင်္ဘောများ၏ မူလပုံစံများဖြစ်ပြီး ပတ်ဝန်းကျင်လေ့လာစောင့်ကြည့်ရန်အတွက် ၁၉ ရာစုနှင့် ၂၀ ရာစု အစပိုင်းတွင် အသုံးပြုခဲ့ကြသည်။ ၁၉၁၀ ခုနှစ်တွင် အမေရိကန် ရေတပ် တိုက်သင်္ဘောတစ်စီး၏ ကုန်းပတ်ပေါ်မှ လေယာဉ်တစ်စီးကို ပထမဆုံး ပျံတက်နိုင်ခဲ့သည်။ HMS Hermes, ဂျပန် လေယာဉ်တင်သင်္ဘော Hōshō နှင့် Lexington အမျိုးအစား လေယာဉ်တင်သင်္ဘောများမှာ ၁၉၂၀ ဆယ်စုနှစ် အလယ်ပိုင်းတွင် ထွက်ပေါ်လာသော အမျိုးအစားများဖြစ်ကြသည်။
ဒုတိယ ကမ္ဘာစစ် အတွင်းတွင် ပထမဆုံး အကြိမ်အဖြစ် အမျိုးအစားစုံလင်လှသော လေယာဉ်တင်သင်္ဘောများကို ကျယ်ပျံ့စွာ အသုံးပြုခဲ့ကြသည်။ USS Bogue ကဲ့သို့ အစောင့်လိုက် လေယာဉ်တင်သင်္ဘော များမှာ ဒုတိယ ကမ္ဘာစစ် အတွင်းမှအပ တည်ဆောက်အသုံးပြုမှု မရှိပါ။ အချို့ လေယာဉ်တင်သင်္ဘောများမှာ စစ်ရေး ရည်ရွယ်ချက်ဖြင့် လေယာဉ်တင်ရန် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အများစုမှာ ကုန်တင်သင်္ဘောများကို ပုံစံပြောင်းလဲ တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ပိုမိုကြီးမား၍ စစ်ရေးပိုဆန်သော အစောင့်လိုက် လေယာဉ်တင်သင်္ဘော များတည်ဆောက်ရာမှ USS Independence ကဲ့သို့ အပေါ့စား လေယာဉ်တင်သင်္ဘော များ ပေါ်ထွက်လာခဲ့သည်။ အပေါ့စား လေယာဉ်တင် သင်္ဘောများ တင်ဆောင်နိုင်သော လေယာဉ်အရေအတွက်မှာ အစောင့်လိုက် လေယာဉ်တင်သင်္ဘောများနှင့် တူညီမှုရှိသော်လည်း အပေါ့စား လေယာဉ်တင်သင်္ဘောများ ပိုမိုမြန်ဆန်ရခြင်းမှာ အရပ်ဘက်သုံး ကုန်တင်သင်္ဘောများကို ပြောင်းလဲ တည်ဆောက်ခြင်းမဟုတ်ဘဲ တည်ဆောက်လက်စ တိုက်သင်္ဘောများကို လေယာဉ်တင်သင်္ဘောများ အဖြစ် ပြုပြင်တည်ဆောက်ခဲ့၍ ဖြစ်သည်။
စစ်အတွင်း ကာလတွင် အရေးပေါ်တည်ဆောက်ရမှုကြောင့် ပုံမှန်မဟုတ်သော လေယာဉ်တင်သင်္ဘောများကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ SS Michael E ကဲ့သို့ CAM (Catapult Aircraft Merchantman) ship များမှာ လေယာဉ် လွှတ်တင်နိုင်သော လောက်လွှဲများ တပ်ဆင်ထားပြီး ပြန်လည်ဆင်းသက်ရန် ပြေးလမ်းမပါရှိပေ။ ထို့အပြင် ကုန်တင်သင်္ဘောများတွင် ပြေးလမ်းများ တပ်ဆင်ထားသည့် အရေးပေါ် လေယာဉ်တင်သင်္ဘောများကိုလဲ တည်ဆောက်ခဲ့ကြသည်။ မစ်ဝေး တိုက်ပွဲ တွင် လေယာဉ်တင် သင်္ဘောများစွာ ဆုံးရှုံးခဲ့ပြီး အင်အား လျော့နည်းသွားသော ဂျပန်ရေတပ်သည် Battlecarrier များဖြင့် ပြန်လည်အားဖြည့်ခဲ့သည်။ ပြင်သစ်ရေငုပ်သင်္ဘော Surcouf နှင့် ဂျပန် I-400 အမျိုးအစားရေငုပ်သင်္ဘောများကဲ့သို့ လေယာဉ်တင် ရေငုပ်သင်္ဘော များတည်ဆောက်ခဲ့သော်လည်း စစ်ပွဲတွင် အောင်မြင်မှုမရရှိခဲ့ပေ။ ၎င်းတို့အထဲမှ ၁၉၂ဝပြည့်နှစ်များတွင် တည်ဆောက်ခဲ့သော ဂျပန် I-400 အမျိုးအစား လေယာဉ်တင် ရေငုပ်သင်္ဘောမှာ Aichi M6A အမျိုးအစား လေယာဉ် ၃ စီး တင်ဆောင်နိုင်သည်။ ယခင်က ရေတပ်မတော်များတွင် တိုက်သင်္ဘောကြီးများကို ခေါင်းဆောင် သင်္ဘော အဖြစ်သတ်မှတ်ရမှာ ယခုခေတ်တွင် လေယာဉ်တင်သင်္ဘောများကို ခေါင်းဆောင် သင်္ဘော အဖြစ် သတ်မှတ်လာကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ လေကြောင်းအသာစီးရမှုသည် စစ်ပွဲ၏ အဆုံးအဖြတ်ဖြစ်နိုင်သည်ကို ဒုတိယ ကမ္ဘာစစ်အတွင်းက တွေ့ရှိလာရသော အတွေ့အကြုံများကြောင့် ဖြစ်သည်။ ၎င်းတို့မှာ လေယာဉ်တင်သင်္ဘောများပေါ်မှ တိုက်ပွဲဆင်နွှဲသော လေယာဉ်များ၏ အကျိုးသက်ရောက်မှု၊ တိုက်ခိုက်နိုင်သော အကွာအဝေးနှင့် နည်းဗျူဟာ ပြောင်းလဲနိုင်စွမ်းတို့မှ ထွက်ပေါ်လာသော အကျိုးဆက်များ ဖြစ်သည်။
ပိုမိုခေတ်မှီလာသည်နှင့်အမျှ လေယာဉ်တင်သင်္ဘောများ၏ အခန်းကဏ္ဍမှာ ပိုမိုကျယ်ပျံ့ပြီး ပိုမိုအရေးပါလာခဲ့သည်။ တန်ချိန် ၇ သောင်းခွဲ နှင့်အထက် Supercarrier အများစုတွင် အနြုမျူ ဓာတ်ပေါင်းဖိုများ ကို အသုံးပြုထားပြီး ပိုမိုဝေးလံသောနေရာဒေသများ၌ အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်တည်ဆောက်ကြသည်။ USS Tarawa နှင့် HMS Ocean တို့ကဲ့သို့ ကုန်းရေ နှစ်သွယ် ခြေမှုန်းရေး သင်္ဘောများသည် ကမ်းတက်တပ်သား များစွာ သယ်ဆောင်နိုင်သည့်အပြင် ၎င်းတို့ ကမ်းတက်နိုင်ရန်အတွက် ရဟတ်ယာဉ် များစွာကိုပါ တစ်ပါတည်း တင်ဆောင်နိုင်သည်။ ၎င်းတို့ကို ကွန်မန်ဒိုတင်သင်္ဘော သို့မဟုတ် ရဟတ်ယာဉ်တင်သင်္ဘော များဟု ခေါ်ကြသည့်အပြင် ၎င်းတို့သည် တည့်တည့်တက်ဆင်း လေယာဉ်များကိုပါ တင်ဆောင်နိုင်သည်။
အခြားသင်္ဘောများ၊ လေယာဉ်များ၊ ရေငုပ်သင်္ဘောများနှင့် ဒုံကျည်များဖြင့် တိုက်ခိုက်လာရာတွင် ခုခံနိုင်စွမ်း မရှိမှုကြောင့် လေယာဉ်တင် သင်္ဘောများသည် လေယာဉ်တင် သင်္ဘောခေါင်းဆောင်သော စစ်သင်္ဘော အုပ်စု ဖြင့်သာ သွားလာကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော USS Enterprise စသည့် လေယာဉ်တင်သင်္ဘောများကို အဆင့်မြှင့်တင်ခဲ့ရာ ယနေ့ခေတ်တွင် အမေရိကန်ပြည်ထောင်စု၌ အကြီးဆုံး နှင့် နောက်ဆုံးပေါ် နီမစ်စ် အမျိုးအစား လေယာဉ်တင် သင်္ဘောများကို အသုံးပြုနေပြီဖြစ်သည်။