ရေငန်မိကျောင်း
တွားသွားသတ္တဝါ မျိုးစိတ် / From Wikipedia, the free encyclopedia
ရေငန်မိကျောင်းသည် မိကျောင်း မျိုးစိတ်တစ်မျိုးဖြစ်ပြီး ပါဏဗေဒအလိုအရ “ခရိုကိုဒိုင်လတ်စ် ပိုရိုစတ်စ်” (Crocodylus porosus) ဟု ခေါ်ဆိုလေ၏။ ရေငန်မိကျောင်းများအား အိန္ဒိယနိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းဒေသများ၊ အရှေ့တောင် အာရှနိုင်ငံများ၊ စူမတ်တြားဒေသ၊ ဩစတြေးလျနှင့် မိုက်ခရိုနီးရှား မြောက်ပိုင်းဒေသများ အစရှိသော ပင်လယ်ဒီရေဝင်ရောက်သောနေရာများတွင် တွေ့ရှိရသည်။ ဤမိကျောင်း မျိုးစိတ်အား IUCN အနီရောင်စာရင်းတွင် ၁၉၉၆ ခုနှစ်ကတည်းက စိုးရိမ်ရမှု အနည်းဆုံးမျိုးစိတ်အဖြစ် သတ်မှတ်ထားသည်။ ၁၉၇၀ ပြည့်လွန်နှစ်များအထိ တွေ့ရှိရသော နယ်မြေဒေသအားလုံးနီးပါး၌ မိကျောင်းသားရေ ရယူရန်အလို့ငှါ တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများနှင့် မူလနေထိုင်ရာ ဇာတိဒေသရင်းနယ်မြေများ ဆုံးရှုံးနေရခြင်းတို့ဖြင့် ခြိမ်းခြောက်ခံနေရသည်။
"ရေငန်မိကျောင်းများသည် လူသားများကို တိုက်ခိုက်တတ်သည့် နာမည်ဆိုးဖြင့်ကျော်ကြားသောကြောင့် လူသားများအတွက် အန္တရာယ်ရှိသည့် သားရဲတိရစ္ဆာန်အဖြစ် သတ်မှတ်ခြင်းခံထားရသည်"။[3]
ရေငန်မိကျောင်း | |
---|---|
မိကျောင်း အထီး | |
မိကျောင်း အမ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Reptilia |
မျိုးစဉ်: | Crocodilia |
မျိုးရင်း: | Crocodylidae |
မျိုးရင်းသေး: | Crocodylinae |
မျိုးစု: | Crocodylus |
မျိုးစိတ်: | C. porosus |
ဒွိနာမ | |
Crocodylus porosus Schneider, 1801 | |
အနက်ရောင်ခြယ်ထားသည်မှာ ရေငန်မိကျောင်းများ၏ နေထိုင်ကျက်စားရာ ဒေသများဖြစ်သည်။ |
ရေငန်မိကျောင်း မျိုးစိတ်သည် သိပ္ပံနည်းကျလေ့လာမှုအရ ရှင်သန်ဆဲ မိကျောင်း မျိုးစိတ်အားလုံး၌သာမက အလုံးစုံသော တွားသွားသတ္တဝါများထဲ၌ အရွယ်အစား အကြီးမားဆုံးဖြစ်၏။[4][5][6] ရေငန်မိကျောင်း အထီး တစ်ကောင်၏အရွယ်သည် ၂၀ ပေ (၆ မီတာ) အထိ ကြီးထွားနိုင်ပြီး ခန္ဓာကိုယ်အလေးချိန်အနေဖြင့်လည်း ၂,၂၀၀ မှ ၂,၉၀၀ ပေါင် (၁,၀၀၀ မှ ၁,၃၂၀ ကီလိုဂရမ်)အထိ ရှိနိုင်သည်ဟု သိရသည်။[7][8][9] မိကျောင်း အမများမှာ သေးငယ်ပြီး ၁၀ ပေ (၃ မီတာ) အရွယ်မျှသာ ရှိလေသည်။[10][11] ဤမိကျောင်းများကို အက်စ္စတူရာရိန်း မိကျောင်း၊ အင်ဒို-ပစိဖိတ် မိကျောင်း၊ အဏ္ဏဝါ မိကျောင်း၊ ပင်လယ် မိကျောင်းဟုလည်း လူသိများလေသည်။[12]
ရေငန်မိကျောင်းသည် အခွင့်ကောင်းယူ ချောင်းမြောင်းတိုက်ခိုက်တတ်သည့် အသား အစားကြူးသော အရွယ်အစားကြီးမားသည့် ထိပ်တန်းသားရဲတိရစ္ဆာန်ဖြစ်သည်။ ၎င်းသည် အစာအတွက် အမဲလိုက်ရာတွင် သားကောင်အများစုကို ချောင်းမြောင်းတိုက်ခိုက်၍ ရေနှစ်ပစ်ခြင်း၊ ပါးစပ်ဖြင့်ကိုက်၍ အကောင်လိုက် မျိုချခြင်း စသည့် နည်းလမ်းများဖြင့် သတ်ဖြတ်လေ့ရှိသည်။ ရေငန်မိကျောင်းများစားလေ့ရှိသော အဓိက အစာ သားကောင်မျိုးစိတ်ဟူ၍ မည်မည်ရရမရှိဘဲ ယင်း၏ ပိုင်နက်တွင်းသို့ဝင်လာသော ငါးမန်းကဲ့သို့ အခြားထိပ်တန်းသားရဲတိရစ္ဆာန်များ အပါအဝင် ရေနေတိရိစ္ဆာန်များ၊ အခြားသော တွားသွားသတ္တဝါများ၊ ငှက်များနှင့် လူသားများအပါအဝင် နို့တိုက်သတ္တဝါများလည်း ပါဝင်ကြောင်း မှတ်တမ်းများအရ သိရသည်။[13][14]