ရေကူးခြင်း
From Wikipedia, the free encyclopedia
သတ္တဝါတို့၏ အသက်ရှင်နေထိုင်မှုအတွက် ရေကူးခြင်းသည် ရေထဲ၌ ရှေ့သို့ ရွေ့လျားနိုင်ရန်အတွက် နည်းလမ်းတစ်ခုဖြစ်သည်။ ရေကူးခြင်းသည် အသုံးဝင်မှုနှင့် အပန်းဖြေမှု နှစ်ခုစလုံးအတွက် လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ၎င်း၏ အခြေခံအသုံးဝင်မှုများမှာ အေးမြခြင်း၊ အသက်ရှုခြင်း၊ ငါးဖမ်းခြင်း၊ အပန်းဖြေခြင်း၊ လေ့ကျင့်ခန်းနှင့် အားကစားလုပ်ခြင်း တို့ဖြစ်ကြသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(18 Aug 2021) |
ကျောက်ခေတ်သို့ နောက်ပြန်ဆွဲပြီး အစောဆုံးမှတ်တမ်းအဖြစ်ကြည့်လျှင် သမိုင်းဦးမတိုင်မှီ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀ ပတ်ဝန်းကျင်ခန့်ကပင် လူများသည် ရေကူးခြင်းကို သိရှိကြပြီးဖြစ်ကြောင်းတွေ့ရသည်။ ခေတ်ပြိုင်အဖြစ်အပျက်များကို နှိုင်းယှဉ်နိုင်သော ပုံစံတစ်ခုအတွင်းမဟုတ်သော်လည်း ရေကူးပြိုင်ပွဲများကို ဥရောပတိုက်တွင် ၁၈၀၀ ခုနှစ်ခန့်က စတင်တွေ့ရှိရပြီး ပထမဆုံး ခေတ်သစ် ၁၈၉၆ ခုနှစ် အေသင်တွင်ပြုလုပ်ကျင်းပခဲ့သော နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် တွေ့ရသည်။ ၎င်းကို ၁၉၀၈ ခုနှစ်တိုင်အောင် အပြည်ပြည်ဆိုင်ရာ ရေကူး အဖွဲ့အစည်းများဖြင့် ယှဉ်ပြိုင်နိုင်သောပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများ မလုပ်ရသေးချေ။
လူတို့သည် လက်နှင့် ခြေများ အသုံးပြု၍ ရေကူးကြသည်။ ရေကူးခြင်းကို ဖားကူး၊ လိပ်ပြာကူး၊ ပက်လက်ကူး၊ လက်ပစ်ကူး စသည်ကဲ့သို့သော ကူးနည်းအချို့ရှိသည်။ လွပ်လပ်သောပုံစံ ရေကူး ပြိုပွဲများအတွင်း ရေကူးသမားသည် ၎င်းလေးမျိုးထဲမှ ကြိုက်နှစ်သက်ရာကူးနည်းဖြင့် ကူးနိုင်သော်လည်း အများစုမှာ ရှေ့လက်ပစ်ကူးနည်းကို ရွေးချယ်ကြသည်။
ရေကူးသူများသည် ရေတွင် ရွေ့သွားရန် ကိုယ်ခန္ဓာအခြားအစိတ်အပိုင်းများ၏ ပေါင်းစပ်ခြင်းကို အသုံးပြုကြသည်။ ရေကူးသူများသည် ရေပေါ်တွင် နေနိုင်ရန်နှင့် တစ်ခါတစ်ရံ ၎င်းတို့၏ အသက်ရှုခြင်းကို ကြာရှည်စွာ ထိန်းသိမ်းခြင်းကို စွမ်းဆောင်နိုင်ရန် လိုအပ်သည်။ သူမ/သူသည် ဤကဲ့သို့သော အားကစားမျိုးပြုလုပ်လိုလျှင် ကျန်းမာဖို့ရန် လိုအပ်သည်။
ရေကူးခြင်းအား ပျော်စရာတစ်ခုအဖြစ်လည်းကောင်း၊ လေ့ကျင့်ခန်းတစ်ခုအဖြစ်လည်းကောင်း၊ ပြိုင်ပွဲတစ်ခုအဖြစ်လည်းကောင်း အသုံးချနိုင်သည်။ ကျောင်းအချို့တွင် ရေကူးခြင်းအား ရုပ်ပိုင်းဆိုင်ရာ အားကစားတစ်ခုအဖြစ်လည်းကောင်း၊ အပျော်အဖြစ်လည်းကောင်း စာမေးပွဲပြီးချိန် သို့မဟုတ် ခက်ခဲသော လေ့ကျင့်ခန်းများပြီးသည် ရက်သတ္တပတ်တွင် အားကစားရုံများ၌လည်းကောင်း အပြင်တွင်လည်းကောင် လေ့ကျင့်သင်ကြားပေးကြသည်။.[1]
ရေကူးခြင်းသည် အလွန်ရှေးကျသော ကိုယ်လက်လှုပ်ရှားနည်း တစ်နည်း ဖြစ်၏။ ရှေးခေတ်ရောမနှင့် ဂရိနိုင်ငံများတွင် စစ်သူရဲများအတွက် လေ့ကျင့်ခန်းအဖြစ် ရေကူးစေခဲ့ကြသည်။ သို့ရာတွင် အလယ်ခေတ်က ဥရောပတိုက်၌ ပြင်ပတွင် ရေကူးခြင်းမှာ ရောဂါကူးစက်နိုင်သည်ဟု အယူရှိကြသဖြင့် တိမ်ကောလုမတတ် ဖြစ်ခဲ့သည်။ ၁၉ ရာစုနှစ် နောက်ပိုင်းသို့ ရောက်ရှိလာခါမှ ဗြိတိန်နိုင်ငံတွင် ရေကူးပြိုင်ပွဲများ စတင်ပြုလုပ်ခဲ့ကြလေသည်။ ရေကူးခြင်းကို ကာယပညာတစ်ရပ်အဖြစ်၎င်း၊
အသက်ဘေးမှ ကာကွယ်နိုင်သည့် အတတ်အဖြစ်၎င်း သိရှိလာကြသောအခါ စာသင်ကျောင်းနှင့် အသင်းအဖွဲ့ အသီးအသီးတို့တွင် ထိုအတတ်ကို အားပေးသင်ကြားစေကြသည်။
ရေကူးရာတွင် ကိုယ်ခန္ဓာအစိတ်အပိုင်းတို့ကို လှုပ်ရှား အသုံးပြုရလေသည်။ ရေကူးကျင်လည်ခြင်းသည် အလွန်အမင်း အားအင်စိုက်ထုတ်နိုင်ခြင်းပေါ်တွင် မတည်ဘဲ ညင်သာစွာ လှုပ်ရှားပေးတတ်သော ကျွမ်းကျင်မှုပေါ်တွင် တည်သည်။ ရေကူးသည့်အခါ ခေါင်းဖျားမှ ခြေဆုံးအထိ ခန္ဓာကိုယ်တစ်ခုလုံးအား လှိုင်းလုံး ရေလုံး ကလေးများက ထိပါးပုတ်ခတ် တိုးဝှေ့နေကြသဖြင့် စိတ်ကြည်နူးရွှင်လန်းလာသည်နှင့်အမျှ ရေကူးပြီးသည့်အခါ တစ်ကိုယ်လုံးရှိ အကြောအခြင်များ လျော့သွားသဖြင့် ကိုယ်လက်ပေါ့ပါး လန်ဆန်းလာသည့် အကျိုးထူးများကြောင့် ရေကူးခြင်းကို ကျန်းမာရေးအတွက် လူကြိုက်များလေသည်။
ထိုအကျိုးထူးကို ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး၊ ညီတူညီမျှ ခံစားနိုင်ကြပေသည်။ ထိုသို့ဆိုရာ၌ ရေကူးခြင်း အတတ်သည် လွန်စွာ လွယ်ကူသောကြောင့်မဟုတ်၊ နည်းလမ်းမှန်ကန်စွာ သင်ကြား လေ့ကျင့်လျှင် ခွန်အားဗလများစွာ သန်စွမ်းရန်မလိုဘဲ တတ်မြောက်နိုင်သောကြောင့် ဖြစ်လေသည်။
လူတို့သည် ဖျံ၊ ငါးတို့ကဲ့သို့ မွေးကတည်းက ရေတွင် ကြီးပြင်းလာကြသူများ မဟုတ်သဖြင့် ရေနက်ထဲတွင် အလိုအလျောက် အချိန်ကြာမြင့်စွာ နေနိုင်ရန် လွန်စွာခဲယဉ်း၏။ ထိုအတွက် လူတိုင်းလူတိုင်းပင် ရေကူးခြင်းအတတ်ကို တမင်တကာ သင်ကြားလေ့ကျင့်မှ တတ်မြောက်နိုင်သည်။ သို့ရာတွင် မြင်း၊ ခွေး အစရှိသော တိရစ္ဆာန်များသည် လူတို့ကဲ့သို့ပင် ရေထဲ၌ ကျက်စားသော သတ္တဝါများ မဟုတ်ကြသော်လည်း ရေကူးခြင်းကို မသင်ဘဲနှင့် အလိုအလျောက် တတ်မြောက်နေကြသည်ကို အံဩစွာ တွေ့ရှိရသည်။ ထိုအချက်ကို လက်တွေ့ သဘောပေါက်ကာ သိရှိလိုပါက မွေးကတည်းက တစ်ကြိမ်တစ်ခါမျှ ရေမကူးဘူးသေးသော ခွေးကလေး တစ်ကောင်ကို ယူပြီးလျှင် ရေချိုးကန်တစ်ခုတွင် ရုတ်တရက် နှစ်လိုက်ပြီးနောက် ချက်ခြင်းပြန်၍ မထားလိုက်ပါ။ ထိုအခါ ခွေးကလေး၏ ခြေထောက်လေးချောင်းသည် ရေကူးနေသကဲ့သို့ လေထဲတွင် လှုပ်ရှားနေသည်ကို တွေ့ရပေလိမ့်မည်။ ထိုထက်သေချာ လိုသေးလျှင် ထိုခွေးကလေးကို ရေကူးကန်ထဲသို့ ပစ်ချလိုက်ပါ။ ထိုအခါ ခွေးကလေးသည် ကမ်းစပ်သို့ ကျွမ်းကျင်စွာ ကူးခတ်ရောက်ရှိသွားသည်ကို အံ့ဩစွာ တွေ့မြင်ရပေမည်။
ခွေးကလေးသည် ရေကူးမသင်ဘဲနှင့် အဘယ်ကြောင့် အလိုအလျောက် တတ်မြောက်နေသနည်းဆိုသော် ယင်း၏ ကိုယ်ခန္ဓာအနေအထားသည် ကုန်းပေါ်တွင် လမ်းလျှောက်သည့် အခါ၌၎င်း၊ ရေထဲတွင် ရေကူးသည့်အခါ၌၎င်း ထူး၍ ပြောင်းလဲခြင်း မရှိသောကြောင့် ဖြစ်လေသည်။ လူတို့ကား လမ်းလျှောက်သည့်အခါ ခြေနှစ်ချောင်းပေါ်တွင် မတ်တပ်ရပ်လျှောက်ရ၍၊ ရေကူးသည့်အခါတွင်ကား မှောက်လျက်ဖြစ်စေ၊ ပက်လက်ဖြစ်စေ ကိုယ်ကို အလျားလိုက်ထားကာ ကူးခတ်ရသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ ရေကူးတတ်ရန် တမင်တကာ သင်ကြားလေ့ကျင့်ယူကြရလေသည်။ ရေတစ်ခါမျှ မကူးဘူးသော သူငယ်တစ်ယောက်သည် ပထမအကြိမ် ရေသို့ ဆင်းလိုက်သောအခါ ရေထဲတွင် ကိုယ်ကို မတ်တည်နေစေရန်သာ ကြိုးစားနေပေလိမ့်မည်။ ရေသည် နက်၍ ထောက်မမှီခဲ့သော် ဆွဲမိ ဆွဲရာ ဆွဲကိုင်အားပြုကာ ကိုယ်ကို မတ်မတ်တည်နေစေရန် ဆက်လက် ကြိုးစားနေပေလိမ့်မည်။ ထိုသို့ မတ်မတ်တည် နေရန် ကြိုးစားလေ အနစ်မြန်လေ ဖြစ်မည်ကား မလွဲချေ။ စင်စစ်မှာ ထိုသူငယ်သည် သူ၏ကိုယ်ကို ရေပေါ်တွင် သစ်တုံးကဲ့သို့ အလျားလိုက် ဖြစ်စေရန်သာ ကြိုးစားသင့်ပေသည်။ ထိုအလေ့အကျင့်ကို ရရှိနိုင်စေရန် မကြောက်မရွံ့ သင်ယူလိုက်လျှင် ရေကူးတတ်ရန် မခဲယဉ်းလှတော့ချေ။