မဟာငါးမန်းဖြူကြီး
ကြီးမားသော ငါးမန်းမျိုးစိတ် / From Wikipedia, the free encyclopedia
မဟာငါးမန်းဖြူကြီး (အင်္ဂလိပ်: Great White Shark) သည် ငါးမန်း မျိုးစိတ်တစ်မျိုးဖြစ်သည်။ ၎င်းသည် ကမ္ဘာ့အကြီးဆုံး ရှင်သန်ဆဲ သားရဲ ငါးလည်းဖြစ်သည်။ အရွယ်ရောက်ပြီး ငါးမန်းများသည် အရှည် ၂၁ ပေ (၆ မီတာ) အထိ ကြီးထွားနိုင်ပြီး အလေးချိန်အားဖြင့် ၇,၃၂၈ ပေါင် (၃,၃၂၄ ကီလိုဂရမ်) အထိ ရှိတတ်သည်။[3][4][5][6] မဟာငါးမန်းဖြူကြီးတစ်ကောင်သည် အရှည် ၂၆ ပေ (၈ မီတာ) အထက်ထိ ရှိခဲ့ဖူးသည်ဟူသော အစီရင်ခံစာ တချို့လည်း ရှိလေ၏။[7] ဤငါးမန်းမျိုးသည် အသက် ၁၅ နှစ်ဝန်းကျင်တွင် ၎င်း၏ လိင်ပိုင်းဆိုင်ရာ ရင့်ကျက်မှုအရွယ်သို့ ရောက်ရှိသည်။ မဟာငါးမန်းဖြူကြီး၏ သက်တမ်းသည် နှစ် ၇၀ သို့မဟုတ် ထို့ထက်ပင် ကြာမြင့်နိုင်သည်။[8] မဟာငါးမန်းဖြူကြီးများသည် အမြန်နှုန်း တစ်နာရီလျှင် ၃၅ မိုင် (တစ်နာရီလျှင် ၅၆ ကီလိုမီတာ) ကျော်အထိ အရှိန်မြှင့်၍ ကူးခတ်နိုင်စွမ်းရှိကြသည်။[9]
မဟာငါးမန်းဖြူကြီး (အင်္ဂလိပ်: Great White Shark) Temporal range: Late Miocene–Present | |
---|---|
မက္ကဆီကိုနိုင်ငံ၊ ဂွါဒါလူပေကျွန်းအနီးတွင်တွေ့ရသော ငါးမန်းအထီးတစ်ကောင်ပုံ | |
လူသားနှင့် အရွယ်အစားနှိုင်းယှဉ်ပြပုံ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Chondrichthyes |
မျိုးစဉ်: | Lamniformes |
မျိုးရင်း: | Lamnidae |
မျိုးစု: | Carcharodon A. Smith, 1838 |
မျိုးစိတ်: | C. carcharias |
ဒွိနာမ | |
Carcharodon carcharias (လင်းနီးယပ်၊ ၁၇၅၈) | |
၂၀၁၀ ခုနှစ် အချက်အလက်များအရ ကမ္ဘာလုံးဆိုင်ရာ ကျက်စားရာဒေသများပြပုံ | |
Synonyms | |
|
မဟာငါးမန်းဖြူကြီးများတွင် သွားအချောင်း (၃၀၀)ခန့်ရှိပြီး အတန်းများစွာဖြင့် စီတန်းနေလေသည်။[10] ပထမသွားနှစ်တန်းအား ၎င်းတို့ အစာစားရာတွင် တိရစ္ဆာန်များကို ဖမ်းဆုပ်ဖြတ်တောက်ရာ၌ အသုံးပြုကြပြီး နောက်ဆုံးတန်းရှိ အခြားသွားများသည် ရှေ့သွားများ ကျိုးသွားခြင်း၊ စုတ်ပြဲသွားသည့်အခါ သို့မဟုတ် ပြုတ်ကျသည့်အခါ၌ အစားထိုးအသုံးပြုကြသည်။ သွားများသည် အစွန်းများပေါ်တွင် အထွတ်များဖြင့် တြိဂံပုံသဏ္ဌာန်ရှိသည်။ မဟာငါးမန်းဖြူကြီးများသည် အသားစားသတ္တဝါများဖြစ်သည်။ မဟာငါးမန်းဖြူကြီးများသည် ထိပ်တန်းသားရဲတိရစ္ဆာန်များလည်းဖြစ်ပြီး ငါးများ၊ ပင်လယ်ဖျံ များ၊ ပင်လယ်ခြင်္သေ့ဖျံများ၊ ပင်လယ်လိပ်များ၊ ဇင်ယော်များ၊ ပင်ဂွင်းများ၊ ပြည်ကြီးငါးများ၊ ရေဘဝဲများ၊ လင်းပိုင်များ၊ ဝေလငါးငယ်များ၊ ကဏန်းများ၊ ပုစွန်များ၊ ငါးလိပ်ကျောက်များနှင့် အခြားသော ငါးမန်းမျိုးစိတ်များကို အမဲလိုက်၍ စားသုံးလေ့ရှိသည်။
မဟာငါးမန်းဖြူကြီးများတွင် အော်ကာ (ခေါ်) သားသတ်ဝေလငါးမှလွဲ၍ ၎င်းတို့ကို ပြန်၍အမဲလိုက်သော အခြားသဘာဝသားရဲတိရစ္ဆာန်ဟူ၍ မရှိပေ။[11] အချို့သော အော်ကာများသည် ငါးမန်းအား ဇောက်ထိုးလှန်လိုက်ခြင်းဖြင့် အကြောသေသွားစေနိုင်သည်ကို ရှာဖွေသိရှိခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် ငါးမန်းကို ပါးစပ်ဖြင့် ဆုပ်ကိုင်ထားကာ ၎င်းကို ရေမွှန်း၍ အသက်ရှူကြပ်စေခြင်းဖြင့် သေဆုံးစေလေသည် (ငါးမန်းများသည် ရေထဲတွင် ရွေ့လျားခြင်းဖြင့် အောက်ဆီဂျင်ကို ရရှိနိုင်သောကြောင့်ဖြစ်သည်)။[12]
ပီတာ ဘန်ချ်လေ၏ အရောင်းရဆုံးဝတ္ထုဖြစ်သော Jaws ဝတ္တုနှင့် စတီဗင် စပီးလ်ဘတ်ခ်၏ Jaws ရုပ်ရှင်ဇာတ်ကားတို့တွင် မဟာငါးမန်းဖြူကြီးအား "ရက်စက်သောလူသားစား တိရစ္ဆာန်" အဖြစ် ပုံဖော်ထားလေသည်။ လက်တွေ့ဘဝတွင် လူသားများသည် မဟာငါးမန်းဖြူကြီးများ၏ နှစ်သက်ဖွယ်အစားအစာမဟုတ်ပေ။[13] သို့ပါသော်လည်း ငါးမန်းမျိုးစိတ်အားလုံးထဲတွင် မဟာငါးမန်းဖြူကြီးသည် လူသားများကို အသေအပျောက် အများဆုံးဖြစ်စေသော ငါးမန်းမျိုးစိတ်ဖြစ်လေသည်။[14]