ဘန်းနဒ္ဒစ် ကမ့်ဘာဘတ်ချ်
အင်္ဂလိပ် သရုပ်ဆောင် / From Wikipedia, the free encyclopedia
ဘန်းနဒ္ဒစ် တင်မိုသီ ကာလ်တန် ကမ့်ဘာဘတ်ချ် (အင်္ဂလိပ်: Benedict Timothy Carlton Cumberbatch) (ဇူလိုင် ၁၉၊ ၁၉၇၆ ခုဖွား)သည် အင်္ဂလိပ်လူမျိုး အမျိုးသားသရုပ်ဆောင် အနုပညာသည်တစ်ဦးဖြစ်သည်။ သူ့အား စင်တင်ဖျော်ဖြေမှုများနှင့် တီဗီဖန်သားပြင်ပေါ်မှ ဖျော်ဖြေတင်ဆက်မှုများကြောင့် လူသိများသည့်အပြင် ပရိုင်းတိုင်းမ် အမ်မီ ဆုပေးပွဲ၊ ဗြိတိသျှ ရုပ်ရှင်နှင့် ရုပ်/သံ ဇာတ်လမ်း အကယ်ဒမီထူးချွန်ဆုပေးပွဲနှင့် လောရန့်စ်အိုလစ်ဗီးယား ဆုပေးပွဲများအပါအဝင် ဆုပေးပွဲအများအပြား၏ ထူးချွန်ဆုများနှင့် ဂုဏ်ပြုဆုများစွာတို့ကို ရရှိထားသည့် ထူးချွန်သော အနုပညာသည်တစ်ဦးလည်းဖြစ်သည်။ ကမ့်ဘာဘတ်ချ်သည် သူပါဝင်သရုပ်ဆောင်ခဲ့သည့် ဖရန့်ကင်စတိုင်း (၂၀၁၁ ပြဇာတ်)အတွက် လောရန့်စ်အိုလစ်ဗီးယား ဆုပေးပွဲ၏ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ရှားလော့ခ်(၂၀၁၀)ဇာတ်လမ်းတွဲအတွက် ပရိုင်းတိုင်းမ် အမ်မီ ဆုပေးပွဲ၏ ဇာတ်လမ်းတွဲတို (သို့) ရုပ်ရှင် သရုပ်ဆောင်ထူးချွန်သူ အမျိုးသားဇာတ်ဆောင်ဆုတို့ကို ရရှိထားပြီးသူလည်းဖြစ်သည်။ လှည့်စားမှု ကစားပွဲ (၂၀၁၄) ရုပ်ရှင်မှ သူ၏သရုပ်ဆောင်မှုအတွက် အကယ်ဒမီ (သို့) အော်စကာဆုပေးပွဲ၊ ဗြိတိသျှ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ၊ Screen Actors Guild ဆုပေးပွဲ နှင့် ရွှေကမ္ဘာလုံးဆုပေးပွဲများ၏ အကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်ထူးချွန်သူ အမျိုးသားဇာတ်ဆောင်ဆုများအတွက် ဆန်ခါတင်အမည်စာရင်း၌လည်း တင်သွင်းခြင်းခံခဲ့ရသည်။ သူသည် အပိုင်း(၅)ပိုင်းပါဝင်သည့် ပက်ထရစ်မဲလ်ရို့စ်ဇာတ်လမ်းတွဲတွင် အဓိကဇာတ်ကောင်နေရာ၌ သရုပ်ဆောင်ခဲ့ရာ ဗြိတိသျှ ရုပ်ရှင်နှင့် ရုပ်/သံ ဇာတ်လမ်း အကယ်ဒမီထူးချွန်ဆုပေးပွဲ၏ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအား ရရှိခဲ့ပြန်လေသည်။ ထို့ပြင် ၂၀၁၄ ခုနှစ်တွင် တိုင်းမ် မဂ္ဂဇင်း၏ နှစ်စဉ်ထုတ်ပြန်နေကြစာရင်းတစ်ခုဖြစ်သော ကမ္ဘာပေါ်တွင် ဩဇာတိက္ကမအရှိဆုံးလူပုဂ္ဂိုလ်အယောက် (၁၀၀) စာရင်း၌လည်း ထည့်သွင်းဖော်ပြခြင်းခံခဲ့ရလေသည်။ ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သော အဲလိဇဘက်-၂ ဘုရင်မကြီး၏ ၂၀၁၅ ခုနှစ် မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနား၌ သူ၏ တိုင်းပြည်နှင့် လူမျိုးအပေါ် အနုပညာဖြင့် အလုပ်အကျွေးပြုခြင်းနှင့် ပရဟိတ ဆောင်ရွက်ချက်များအတွက် ဘုရင်မကြီးမှ CBE ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်၍ သူကောင်းပြုခြင်းကို ခံခဲ့ရသည်။
ဘန်းနဒ္ဒစ် ကမ့်ဘာဘတ်ချ် CBE | |
---|---|
၂၀၁၉ ခုနှစ် စန်ဒီယေဂို ကောမစ်-ကွန်၌တွေ့ရသော ကမ်ဘာဘတ်ချ် | |
ဇာတိ အမည် | Benedict Cumberbatch |
မွေးဖွား | ဘန်းနဒ္ဒစ် တင်မိုသီ ကာလ်တန် ကမ့်ဘာဘတ်ချ် (1976-07-19) ၁၉ ဇူလိုင်၊ ၁၉၇၆ (အသက် ၄၇) ဟမ်းမားစမစ်သ်၊ လန်ဒန်၊ အင်္ဂလန် |
မိခင်ကျောင်း | |
အလုပ်အကိုင် | သရုပ်ဆောင် |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၉၉ ခုနှစ် – လက်ရှိ |
ဖန်တီးမှုများ | စာရင်းအပြည့်အစုံ |
အိမ်ထောင်ဖက်(များ) | ဆိုဖီဟန်တာ (လက်ထပ် ၂၀၁၅) |
သားသမီး | ၃ |
မိဘများ |
|
ဆွေမျိုးသားချင်း |
|
ရရှိသည့်ဆုများ | စာရင်းအပြည့်အစုံ |
လက်မှတ် | |
ကမ့်ဘာဘတ်ချ်သည် မန်ချက်စတာ ဝိတိုရိယ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးသည့်နောက် လန်ဒန် ဂီတနှင့် ပြဇာတ်ဆိုင်ရာ အနုပညာအကယ်ဒမီကျောင်းသို့ ဆက်လက်တက်ရောက်သင်ကြားခဲ့ပြီး ဂန္ဒဝင်သရုပ်ဆောင်ပညာ ဘာသာရပ်ဖြင့် အနုပညာ မဟာဘွဲ့ကို ရရှိခဲ့သည်။[2] သူ၏ ပထမဦးဆုံးသော ဖျော်ဖြေတင်ဆက်မှုများမှာ ၂၀၀၅ ခုနှစ်တွင် ရှိတ်စပီးယား ပြဇာတ်များဖြင့် ရီဂျန့်စ်ပန်းခြံ လေဟာပြင်ပြဇာတ်ရုံတွင် သရုပ်ဆောင်ခဲ့ခြင်း၊ ဝက်စ်အန့်ဒ် ပွဲဦးထွက်ဖြစ်သည့် ဟဒ္ဒါဂက်ဘလာ ထုတ်လုပ်ခဲ့သော ရစ်ချတ် အယ်ရ် ပြဇာတ်၌ ပါဝင်သရုပ်ဆောင်ခဲ့ခြင်းတို့ဖြစ်သည်။ ထိုအချိန်မှ စတင်ခဲ့ပြီး နောင်တွင် တော်ဝင် အမျိုးသားပြဇာတ်ရုံတွင် ပြုလုပ်ခဲ့သည့် ဖျော်ဖြေတင်ဆက်မှုများဖြစ်သော ကပွဲ အလွန် (၂၀၁၀ ပြဇာတ်)နှင့် ဖရန့်ကင်စတိုင်း (၂၀၁၁ ပြဇာတ်)တို့တွင် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဘာဘီကန် ပြဇာတ်ရုံတွင် ရှိတ်စပီးယား၏ လက်ရာများထဲမှ တစ်ခုဖြစ်သော ဟမ်လတ်ပြဇာတ်၏ ဇာတ်လိုက် နေရာတွင် သရုပ်ဆောင်ခဲ့သည်။
ကမ့်ဘာဘချ့်၏ ရုပ်/သံဇာတ်လမ်းဆိုင်ရာ အနုပညာသရုပ်ဆောင်မှုများ၌ စတီဖင်ဟော့ကင်းအဖြစ် သူပါဝင် သရုပ်ဆောင်ခဲ့သည့် ၂၀၀၄ ခုနှစ်၌ ထုတ်လွှင့်ခဲ့သော ဟော့ကင်း ရုပ်မြင်သံကြားဇာတ်လမ်းလည်း အပါအဝင်ဖြစ်သည်။ သူသည် ၂၀၁၀ မှ ၂၀၁၇ ခုနှစ်အထိ ထုတ်လွှင့်ခဲ့သော ဘီဘီစီ၏ ရှားလော့ခ် ဇာတ်လမ်းတွဲမှ ရှားလော့ခ်ဟုမ်း ဇာတ်ကောင်နေရာ၌ သူ၏ သရုပ်ဆောင်မှုအား ကမ္ဘာတဝှမ်းလုံးမှ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ ထို့ပြင် တွမ်စတော့ပတ် ဇာတ်ညွှန်းရေးသားသည့် စစ်ရေးပြ၏ အဆုံးသတ် (၂၀၁၂)၊ အခေါင်းပေါက်ပါသော သရဖူ။ နှင်းဆီစစ်ပွဲများ (၂၀၁၆) ဇာတ်လမ်းတွဲ၊ ပက်ထရစ် မဲလ်ရို့စ် (၂၀၁၈) ဇာတ်လမ်းတွဲနှင့် ဘရက်ဇစ်။ ရိုင်းစိုင်းလှသော စစ်ပွဲ (၂၀၁၉) ရုပ်မြင်သံကြားဇာတ်လမ်း စသည့်တို့၏ သရုပ်ဆောင်မှုများ၌လည်း နာမည်ကျော်ကြားခဲ့သည်။
ရုပ်ရှင်ဇာတ်ကားများအနေဖြင့် Amazing Grace (၂၀၀၆) ရုပ်ရှင်တွင် William Pitt the Younger အဖြစ်လည်းကောင်း၊ Star Trek Into Darkness (၂၀၁၃) ရုပ်ရှင်တွင် Khan အဖြစ်လည်းကောင်း၊ 12 Years a Slave (၂၀၁၃) ရုပ်ရှင်တွင် William Prince Ford အဖြစ်လည်းကောင်း၊ ပဉ္စမ မဏ္ဍိုင် (၂၀၁၃) ရုပ်ရှင်တွင် ဂျူလီယန် အက်စ်ဆန်းအဖြစ် နှင့် လှည့်စားမှု ကစားပွဲ (၂၀၁၄) ရုပ်ရှင်တွင် အလန် ကျူးရင်း အဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့သည်။ ၎င်းတို့အပြင် သူသည် သမိုင်းကြောင်းနောက်ခံ ရုပ်ရှင်များဖြစ်သော The Current War (၂၀၁၇)၊ 1917 (၂၀၁၉) နှင့် The Courier (၂၀၂၀) ရုပ်ရှင်တို့တွင်လည်း သရုပ်ဆောင်ခဲ့သည်။ ၂၀၁၂ မှ ၂၀၁၄ ခုနှစ်ကာလများတွင် သူသည် ဟော့ဘစ် ရုပ်ရှင်ကားကြီးများ၌လည်း Smaugနဂါး နှင့် Sauron ဇာတ်ကောင်နေရာများတွင် နောက်ခံစကားပြောနှင့် လှုပ်ရှားရုပ်ပုံဖမ်းယူမှု မှတဆင့် သရုပ်ဆောင်ခဲ့သည်။ မာဗယ်လ် ရုပ်ရှင်ဇာတ်လမ်းကမ္ဘာ၏ ဇာတ်လမ်းနောက်ခံတွဲစပ်ထားသည့် စူပါဟီးရိုး ရုပ်ရှင်ကားများဖြစ်သော ဒေါက်တာ စထရိန့်ချ် (၂၀၁၆)၊ သောရ်။။ ရဂ်နာ့ရော့ (၂၀၁၇)၊ Avengers: Infinity War (၂၀၁၈)၊ Avengers: Endgame (၂၀၁၉) စသည့် ရုပ်ရှင်ကားကြီးများတွင် ဒေါက်တာ စတက်ဖန်စထရိန့် ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး၊ ပင့်ကူ-လူသား။ ။ အိမ်ပြန်လမ်းဝေး (၂၀၂၁) နှင့် ရူးသွပ်မှု၏ အနန္တစကြဝဠာမျိုးစုံအတွင်းဝယ် ဒေါက်တာ စထရိန့်ချ် (၂၀၂၂) ရုပ်ရှင်ဇာတ်ကားကြီးများတွင်လည်း ၎င်းဇာတ်ကောင်နေရာ၌ပင် ထပ်မံရိုက်ကူးရန်စီစဉ်ထားသည်။