ဖရက်ဒရစ် လေတန်
From Wikipedia, the free encyclopedia
ဖရက်ဒရစ် လေတန်(ခရစ် ၁၈၃ဝ - ၁၈၉၆) သည် အင်္ဂလိပ်လူမျိုး ပန်းချီနှင့် ပန်းပုပညာကျော်ဖြစ်၍ ၁၈၃ဝ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် အင်္ဂလန်ပြည် စကားဗားရားမြို့၌ ဖွားမြင် လေသည်။ ဖခင်သည် ဆေးပေးဆရာဝန်တစ်ဦးဖြစ်သောကြောင့် လေတန်သည် ငယ်စဉ်ကတည်းက မိဘများနှင့်အတူ ဥရောပတိုက်သို့ လိုက်ပါခဲ့လေသည်။ ဖရက်ဒရစ်၏ မိဘတို့သည် အမြို့မြို့အရွာရွာသို့ အမြဲပြောင်းရွှေ့ နေထိုင်တတ်သဖြင့် သူလည်း အမြို့မြို့အရွာရွာရှိ ကျောင်းများ၌ ပညာသင်ကြားခဲ့ရသည်။ ၁၈၆ဝ ပြည့်နှစ်သို့ရောက်မှ လန်ဒန်မြို့၌ အတည်တကျ နေထိုင်ခဲ့၏။ ဖခင်ဒရစ်သည် အလွန်လက်မြောက်သော ပုံရေးဆရာတစ်ဦး ဖြစ်သည်။ သူသည် သူ၏ဥပဓိရုပ်ကြောင့်လည်းကောင်း၊ စာအုပ်များအတွက် ပုံရေးဆရာအဖြစ် လက်ရာမြောက်လှသောကြောင့်လည်းကောင်း သူ့ခေတ်က အလွန်လူသိများသူဖြစ်ပေသည်။ သို့သော် ဖရက်ဒရစ်သည် ဆေးရောင်ခြယ်ဘက်၌ လက်စွမ်းလက်စညံ့သည်ဟု ဆိုရပေမည်။ ဖရက်ဒရစ်သည် အထူးသဖြင့် ပန်းပုပညာဘက်၌ ထိပ်တန်းစား ပန်းပုပညာသည်တို့တွင် အပါအဝင်ဖြစ်သည်ဟု ထိုခေတ်အကဲဖြတ် ပုဂ္ဂိုလ်များက ချီးကျူးထားလေသည်။ ဖရက်ဒရစ် ဆွဲခဲ့သောပုံများတွင် အလှဆုံးပုံများမှာ နွေရာသီလမင်း ပုံနှင့် ဂီတပညာသင်ခဏ်းစာ ပုံတို့ဖြစ်၏။ ကာဣနနှင့် အာဗေလ ပုံကဲ့သို့ သမ္မာကျမ်းစာနှင့်သက်ဆိုင်သော ပုံများကိုလည်း ရေးဆွဲခဲ့သေး သည်။ ၁၈၇၈ ခုနှစ်၌ ဖရက်ဒရစ်သည် တော်ဝင်ပညာ့တံခွန်အသင်းတွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရလေသည်။ ဥက္ကဋ္ဌအဖြစ်ဖြင့် ပန်းချီဆရာများကို ကူညီအားပေးခဲ့၏။ ထို့ပြင် သူဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့စဉ်က တော်ဝင် ပညာ့တံခွန်အသင်းသည် ပို၍တိုးတက်ကြီးပွားလာပြီးလျှင် တန်ခိုးအာဏာလည်း ကြီးထွားလာသည်။ သူမကွယ်လွန်မီကလေးတွင် ဗဲရွန်ဘွဲ့ဖြင့် ချီးမြှင့် သူကောင်းပြုခြင်းခံရ၏။ ၁၈၉၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အနိစ္စရောက်သဖြင့် ကြွင်းကျန်သောရုပ်ကလာပ်ကို စိန်ပေါဘုရားရှိခိုးကျောင်း၌ မြှုပ်နှံထားလေသည်။[1]