ပံ့သကူသားစား တိရစ္ဆာန်
အပင်နှင့် တိရစ္ဆာန် အသေများကို အာဟာရအလို့ငှါ မှီဝဲစားသုံးသော သက်ရှိရုပ်စု / From Wikipedia, the free encyclopedia
ပံ့သကူသားစား တိရစ္ဆာန်ဆိုသည်မှာ ၎င်းတို့ကိုယ်တိုင် အမဲလိုက်သတ်ဖြတ်ခြင်းကြောင့်မဟုတ်ဘဲ အကြောင်းကိစ္စတစ်ခုခုကြောင့် သေဆုံးသွားသော (သို့) အခြားသားရဲတိရစ္ဆာန်များ၏ အမဲလိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသော တိရစ္ဆာန်အသေကောင်များကို အာဟာရအလို့ငှါမှီဝဲစားသုံးသော သက်ရှိများကိုဆိုလိုခြင်းဖြစ်သည်။[1] ပံ့သကူသားစားခြင်းဟူသည် ယေဘူယျအားဖြင့် သတ္တဝါအသေကောင်များကို စားသုံးခြင်းကိုသာ ရည်ညွှန်းလေ့ရှိသော်လည်း၊ ၎င်းသည် အသီးအရွက်စားခြင်းနှင့်လည်း သက်ဆိုင်သော စားသောက်ခြင်းဆိုင်ရာ အပြုအမူတစ်ခုလည်းဖြစ်လေသည်။[2] တိရစ္ဆာန်အသေကောင်များနှင့် အပင်ထွက်ပစ္စည်းများကို စားသုံးခြင်းဖြင့် ပံ့သကူသားစား တိရစ္ဆာန်များသည် ဂေဟစနစ်တွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေကြသည်။ ဆွေးမြေ့စေခြင်းဖြင့် အာဟာရဖြိုခွဲပေးသည့် သက်ရှိများနှင့် ပုပ်သိုးဆွေးမြေ့နေသော အရာများကို အာဟာရအလို့ငှါ စားသုံးသော သက်ရှိများသည် ပံ့သကူသားစား တိရစ္ဆာန်များ စားသုံးပြီး၍ ကျန်ရစ်ခဲ့သော အကြွင်းအကျန်များကို စားသုံးခြင်းဖြင့် အစာကွင်းဆက် လုပ်ငန်းစဉ်တစ်ခုအား ပြီးမြောက်စေလေသည်။
ပံ့သကူသားစား တိရစ္ဆာန်များသည် ပတ်ဝန်းကျင်ရှိ စားနပ်ရိက္ခာ အရင်းအမြစ်များ၏ အတက်အကျကို ကျော်လွှားရာတွင် ကူညီပေးသည်။[3] အသေကောင်အရွယ်အစား၊ ကျက်စားရာ ဒေသ၊ အပူချိန်နှင့် ရာသီဥတု ကဲ့သို့သော ဇီဝရပ်ဝန်းဆိုင်ရာ နှင့် ဇီဝရပ်ဝန်းဆိုင်ရာ မဟုတ်သော အချက်နှစ်ခုစလုံးမှ ပံ့သကူသားစားခြင်း လုပ်ငန်းစဉ်နှင့် နှုန်းထား အပေါ်သို့ သက်ရောက်မှုများရှိ၏။ [4]