နွား
ကိုက်ဖြတ်စား လုပ်ငန်းခွင်သုံး အိမ်မွေး နို့တိုက်သတ္တဝါ / From Wikipedia, the free encyclopedia
နွားကို ရှေးအခါက မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေး၌ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ယခု စက်မှုလယ်ယာခေတ်တွင် နွားအစား လယ်ထွန်စက်ကို အသုံးချမှု များပြားလာသော်ငြား၊ ခေါင်းပါးသော အချို့ဒေသများဝယ် နွားဖက် ရုန်းကန်တုန်း ဖြစ်သည်။ အစားကောင်း၊ ထမ်းပိုးကောင်း၊ အခိုင်းကောင်းသော နွားမျိုးကို နွားကောင်းဟု သတ်မှတ်၍၊ အစားမကောင်း၊ ထမ်းပိုးမကောင်း၊ အခိုင်းမကောင်းသည့် ဆန့်ကျင်ဘက် သဘာဝရှိသော နွားမျိုးကို နွားညံ့ဟု ယေဘုယျ သမုတ်ကြသည်။ လယ်ယာလုပ်ငန်းခွင်၌ တောင်သူဦးကြီးများကို ကူညီပေးသော မိတ်ဆွေနွားများသည် တခါတရံ ပိုင်ရှင် မသိဘဲ နွားသူခိုးများ လက်ချက်ဖြင့် တနယ်တကျေး သို့မဟုတ် တဖက်နိုင်ငံသို့ မှောင်ခိုကူးခြင်း ခံရတတ်သည်။[1] မှောင်ခိုကို နှိမ်နင်းလိုသည့်သဘောဖြင့်၂၀၁၇ အောက်တိုဘာမှစ၍ ကျွဲနွားအရှင်များကို ပြည်ပသို့ တင်ပို့ခွင့်ပြုသည်။[2] ခွာပါမျိုး ဖြစ်သော နွားများကို မွေးမြူ၍ ရသည်။ Bovinae ဘိုဗီနေး မျိုးရင်းသေးဝင် ဖြစ်သည်။ ၂၀၁၁ မှ အနီးစပ်ဆုံး ခန့်မှန်းချက်အရ၊ ကမ္ဘာတွင် နွားပေါင်း ၁.၄ ဘီလျံ ရှိသည်။ နွားသည် လူတစ်ယောက် ကြွယ်ဝချမ်းသာမှု ပြယုဂ် ဖြစ်သည်။ ရှေးခေတ်က နွားများများ ပိုင်ဆိုင်သူကို ကြည့်၍ မည်ရွေ့မည်မျှ ချမ်းသာသည်ကို သိနိုင်သည်။
မမမောင်လေး | |
---|---|
ချူဆွဲပေးထားသော အညိုရောင် ဆွစ်ဖလခ်ဗီယေမျိုး နွားမတကောင် | |
ယဉ်ပါးအောင် မွေးမြူထား | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
မျိုးရင်း: | Bovidae |
မျိုးရင်းသေး: | Bovinae |
မျိုးဇာတ်: | Bovini |
မျိုးစု: | Bos |
မျိုးစိတ်: | B. taurus |
ဒွိနာမ | |
Bos taurus | |
Bovine distribution | |
Synonyms | |
|
ကျွဲကို ရေတွက်ပုံအတိုင်း နွားနှစ်ကောင် တစုံကို တရှဉ်းဟု ရေတွက်သည်။ နွားလည်ပင်းမှာ ဆွဲပေးထားသော ချူ (cowbell) ကို ခလောက်ဟုလည်း ခေါ်သည်။ နွားညီနောင် လေးချိုးကဗျာတွင် နွားကို ကြော့ရှင်းစွာ ကထားသော လှည်းယဉ်အကြောင်း စပ်ဆိုထားသည်။ မြင်းကသော လှည်းကို မြင်းရထား၊ မြင်းလှည်းဟု ခေါ်နိုင်သော်လည်း၊ နွားကသော လှည်းကို နွားရထားဟု မခေါ်ဘဲ နွားလှည်း ဟုသာ ခေါ်သည်။ ထိုလှည်းကို အလှမောင်းရန် တန်ဆာဆင်သော် လှည်းယဉ်ဟု ခေါ်သည်။
အဓိကအားဖြင့် မြက်နှင့် ကောက်ရိုး ကြိုက်သော နွားကို အသားနှင့် နို့အလို့ငှာ ခြံ၊ မြက်ခင်းပြင်များတွင် မွေးမြူကြသည်။ နို့စားနွားခြံ ဟူ၍ ရှိသည်။ နိုင်ငံခြားတွင် နွားနို့ကို အများနည်းတူ သမားရိုးကျ လက်ဖြင့် ညှစ်သည်လည်း ရှိသကဲ့သို့ စီးပွားဖြစ် နွားရုံများမှာ စက်ဖြင့် အလိုအလျောက် ညှစ်ယူ၍ သန့်စင်ပြီး၊ ပြန်လည် ရောင်းချကြသည်။ နို့စားနွားမသည် တရက်လျှင် ရေ ၉၀ ပိဿာထိ သောက်သုံးရပါက သားပေါက်နှုန်းနှင့် နို့ထွက်နှုန်း ကောင်းမွန်စေသည်။[3] နွားချေးသည် မြေဩဇာနှင့် လောင်စာအတွက် အသုံးဝင်သည်။ နွားသားရေကို အဝတ် ချုပ်ခြင်း မဟုတ်ပါက စာအုပ်ဖုံး ချုပ်ရာတွင် သုံးသည်။ နွားရှင်သည် မိမိနွားကို အငှားကျောင်းပေးရန် နွားကျောင်းသား cowboy ကို အလုပ်ပေးနိုင်သည်။ သိုးထိန်းခွေး ရှိသကဲ့သို့ နွားထိန်းခွေးလည်း ရှိသည်။ မြန်မာတင်မက ကမ္ဘာ့တိုင်းပြည်များ၌ နွားနှင့် ပတ်သက်သော ဆိုရိုးစကား များစွာရှိသည်။