နကျယ်ကောင်
From Wikipedia, the free encyclopedia
နကျယ်ကောင် (Wasp) ဟူသော အမည်နာမသည် အမှန်စင်စစ်တွင် ပျားလည်းမဟုတ် ပုရွက်ဆိတ်လည်းမမည်သော အင်းဆက်များ၏ လူသုံးများသော အမည်နာမဖြစ်ပြီး ပါဏဗေဒအလိုအရ ဟိုက်မန်နော့ပ်တဲရာ မျိုးစဉ်၏ အက်ပိုကရစ်တာ မျိုးစဉ်ခွဲတွင်ပါဝင်သော ခါးသိမ်နေသည့် ခန္ဓာကိုယ်ပုံသဏ္ဌာန်ရှိသော အင်းဆက်ပိုးကောင်များအားလုံးကို ကိုယ်စားပြုသည့် အသုံးအနှုန်းဖြစ်သည်။ သိပ္ပံနည်းကျလေ့လာထားမှုအရ နကျယ်ကောင် သည် ပျား၊ ပုရွက်ဆိတ် တို့နှင့် မျိုးရိုးကွဲပြားမှု မရှိကြပေ။ အဓိကခွဲခြားသတ်မှတ်ထားသည့် သွင်ပြင်လက္ခဏာမှာ နကျယ်ကောင်များသည် အစာအလို့ငှာ အခြားအင်းဆက်ပိုးကောင်များကို ၎င်းတို့၏ အဆိပ်ဆူးအသုံးပြု၍ အမဲလိုက်သည့် အပြုအမူပင်ဖြစ်သည်။
နကျယ်ကောင် Temporal range: Jurassic–Present | |
---|---|
အုံဖွဲ့နေထိုင်သော နကျယ် မျိုးစိတ် Vespula germanica | |
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Arthropoda |
မျိုးပေါင်း: | Insecta |
မျိုးစဉ်: | Hymenoptera |
(unranked): | Unicalcarida |
မျိုးစဉ်သေး: | Apocrita |
အုပ်စုများ ပါဝင်သည် | |
Cladistically included but traditionally excluded taxa | |
|
ဥယျာဉ်များတွင် တွေ့လေ့ရှိသည့် လူသိများသော နကျယ်ကောင် (Vespula vulgaris) နှင့် ပျားတူ (Vespa) တို့သည် အသိုက်အအုံနှင့်နေထိုင်သည့် Vespidae မျိုးရင်းဝင်များဖြစ်ကြပြီး မျိုးစိတ် အရေအတွက်ပေါင်း ၅၀၀၀ ခန့်ရှိလေသည်။[1]
ယနေ့အချိန်အထိ လေ့လာပြီးသမျှသော နကျယ်ကောင် မျိုးစိတ် ၁၀၀,၀၀၀ ကျော်ခန့်သည် ကပ်ပါး နကျယ်ကောင်များ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အများစုမှာ အခြားအင်းဆက်မျိုးစိတ်များ၏ ခူကောင်ပေါက်များ၏ ခန္ဓာကိုယ်များအတွင်းတွင် ဥများဥသည့် ကပ်ပါးကောင်များဖြစ်သောကြောင့်ဖြစ်၏။ အင်းဆက် မျိုးစိတ်တိုင်းလိုလိုတွင် ထိုသို့သော ကပ်ပါးကောင်မျိုးစိတ် အနည်းဆုံးတစ်မျိုးရှိကြလေသည်။ ယင်းကြောင့် နကျယ်ကောင်များသည် အင်းဆက်များ၏ အရေအတွက်ကို သဘာဝအတိုင်းထိန်းချုပ်ရန် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေပါသည်။ ပိုးမွှားအများစုသည် နကျယ်ကောင်များ အမဲလိုက်သည့် သားကောင်များဖြစ်ပြီး သီးနှံများအပေါ် သက်ရောက်မှုအနည်းငယ်သာရှိသောကြောင့် ၎င်းကပ်ပါးနကျယ်ကောင်များကို စိုက်ပျိုးရေးလုပ်ငန်း၏ ပိုးမွှား ထိန်းချုပ်ရေးလုပ်ငန်းတွင် ပိုမိုအသုံးပြုလာကြသည်။