တူနီးရှား လူထုအုံကြွမှု
From Wikipedia, the free encyclopedia
တူနီးရှား လူထုအုံကြွမှုသည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှစ၍ တူနီးရှားနိုင်ငံတလွှား ဖြစ်ပွားသည့် ဆန္ဒပြမှုများဖြစ်သည်။ တူနီးရှားနိုင်ငံ၏ ကိုယ်စားပြုပန်းမှာ စံပယ်ပန်း ဖြစ်သောကြောင့် စံပယ်ဖြူ တော်လှန်ရေးဟုလည်း အမည်တွင်သည်။ အလုပ်လက်မဲ့မှု၊ ကုန်ဈေးနှုန်းမြင့်မားမှု၊ အဂတိလိုက်စားမှု၊ လွတ်လပ်စွာ ပြောဆိုခွင့်မရှိမှု၊ ဆင်းရဲနွမ်းပါးမှု စသည့် အကြောင်းအရင်းများကြောင့် ဆန္ဒပြမှုများ စတင်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။[3][4] ဆန္ဒပြမှုများသည် နှစ်ပေါင်း ၃၀ အတွင်း အတိုင်းအတာအကြီးမားဆုံး နိုင်ငံရေးနှင့် လူမှုရေး မတည်ငြိမ်မှုကြီး တစ်ရပ်ဖြစ်ပြီး[5][6] ဆန္ဒပြမှုအတွင်း ဒဏ်ရာရသူ၊ သေဆုံးသူများ ရှိခဲ့သည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အသက် ၂၆ နှစ်အရွယ် တရားမဝင် ကုန်စိမ်းသည် မိုဟာမက် ဘိုအာဇီဇီ (Mohammed Bouazizi) မိမိကိုယ်ကို မီးရှို့ဆန္ဒပြရာမှ လူထုအုံကြွမှုများ စတင်ခဲ့သည်။[7] အုံကြွမှုဖြစ်ပွားပြီး ၂၈ ရက်မြောက်နေ့ ၂၀၁၁ ဇန္နဝါရီ ၁၅ ရက်နေ့တွင် သမ္မတ ဘန်အာလီ (Zine El Abidine Ben Ali) ၂၃ နှစ်ကြာ သက်တမ်း အဆုံးသတ်ကာ ရာထူးမှ ဆင်းပေးခဲ့ရသည်။ တဆက်တည်းတွင် ဘန်အာလီနှင့် မိသားစုဝင်အချို့သည် ဆော်ဒီအာရေဗျသို့ ထွက်ပြေးတိမ်းရှောင်သွားသည်။[8][9] တူနီးရှား ဆန္ဒပြမှုသည် အီဂျစ် အပါအဝင် အာဖရိက မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ ဂရက်လှိုင်းများ ရိုက်ခတ်ခဲ့သည်။