ဇီဝမျိုးစုံမျိုးကွဲ
From Wikipedia, the free encyclopedia
ဇီဝမျိုးစုံမျိုးကွဲ (အင်္ဂလိပ်: Biodiversity) ဆိုသည်မှာ ကမ္ဘာပေါ်ရှိ သက်ရှိ၏ ဇီဝဆိုင်ရာ မျိုးကွဲနှင့် ရရှိနိုင်မှုဖြစ်သည်။[1] ဇီဝမျိုးစုံမျိုးကွဲသည် မျိုးရိုးဗီဇ၊ မျိုးစိတ်နှင့် ဂေဟစနစ်အဆင့်ကို တိုင်းတာခြင်းဖြစ်သည်။ ကုန်းနေ ဇီဝမျိုးစုံမျိုးကွဲမှာ အီကွေတာအနီးတွင် ပုံမှန်အားဖြင့် ပိုကြီးမားသည်။[2] အကြောင်းမှာ ပူနွေးသောရာသီဥတုနှင့် မြင့်မားသော ပင်မ မျိုးပွားမှုကြောင့်ဖြစ်သည်။[3] ဇီဝမျိုးစုံမျိုးကွဲသည် ကမ္ဘာပေါ်တွင် အညီအမျှ ဖြန့်ကျက်မနေပေ၊ အပူပိုင်းဒေသတွင် ပိုမိုပေါကြွယ်ဝသည်။[4] အပူပိုင်းသစ်တောဂေဟစနစ်များသည် ကမ္ဘာ့မျက်နှာပြင်၏ ၁၀ ရာခိုင်နှုန်းအောက်သာရှိသော်လည်း ကမ္ဘာ့မျိုးစိတ်ပေါင်း၏ ၉၀ ရာခိုင်နှုန်းကို ထောက်ပံ့ထားသည်။[5] အဏ္ဏဝါ ဇီဝမျိုးစုံမျိုးကွဲသည် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်အမြင့်ဆုံးဖြစ်သော ကမ်းရိုးတန်းဒေသများတွင် ပိုမိုမြင့်မားသည်။[6] ဇီဝမျိုးစုံမျိုးကွဲသည် အစုအပြုံဖြင့် ပိုမိုဖြစ်ထွန်းပြီး[7] အချိန်နှင့်အမျှ ပိုမိုများပြားလာလေ့ရှိသည်။[8][9] သို့သော် သစ်တောပြုန်းတီးမှုများကြောင့် အနာဂတ်ကာလတွင် နှေးကွေးနိုင်ဖွယ်ရှိလေသည်။[10]
အလွန်လျင်မြန်စွာ ရာသီဥတုပြောင်းလဲမှုများသည် အစုလိုက်အပြုံလိုက် မျိုးသုဉ်းပျောက်ကွယ်မှုများကို ဖြစ်စေသည်။[11][12][13] ကမ္ဘာပေါ်တွင် နေထိုင်ကျက်စားကျင်လည်ခဲ့ဖူးခဲ့သမျှသော မျိုးစိတ်ပေါင်းအားလုံး၏ ၉၉.၉ ရာခိုင်နှုန်း မျိုးစိတ်ပေါင်း ၅ ဘီလီယံခန့်သည်[14] မျိုးသုဉ်းပျောက်ကွယ်သွားမည်ဟု ခန့်မှန်းကြသည်။[15][16] လက်ရှိ ကမ္ဘာပေါ်တွင် ရှိနေသော မျိုးစိတ်များမှာ ၁၀ မီလီယံမှ ၁၄ မီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားသည်။[17] ယင်းတို့ထဲမှ ၁.၂ မီလီယံကို စာရင်းပြုစုနိုင်ထားသော်လည်း ၈၆ ရာခိုင်နှုန်းကျော်ကိုမူ သေချာစွာ မှတ်တမ်းမတင်နိုင်သေးပေ။[18] ကမ္ဘာပေါ်ရှိ ဆက်စပ် DNA အခြေပြု စုံတွဲများပမာဏမှာ ခန့်မှန်းခြေ 5.0 x 1037 ရှိပြီး အလေးချိန်တန် ၅၀ ဘီလီယံ ရှိသည်။[19] နှိုင်းယှဉ်ရသော် ဇီဝလွှာ (biosphere) ၏ စုစုပေါင်းဒြပ်ထုမှာ ကာဗွန်တန်ချိန် ၄ ထရီလီယံခန့်နှင့်ညီမျှသော ဒြပ်ထုရှိသည်ဟု ခန့်မှန်းသည်။[20]
ကမ္ဘာ၏ သက်တမ်းသည် နှစ်ပေါင်း ၄.၅၄ ဘီလီယံ ရှိသည်။[21][22][23] ကမ္ဘာပေါ်ရှိ အစောဆုံးတည်ရှိခဲ့သော သက်ရှိ၏ သက်သေအထောက်အထားမှာ လွန်ခဲ့သောနှစ်ပေါင်း ၃.၅ ဘီလီယံအကြာကဖြစ်သည်။[24][25][26] ဩစတျေးလျ အနောက်ပိုင်းရှိ ၃.၄၈ ဘီလီယံနှစ်သက်တမ်းရှိ သဲကျောက်တွင် အဏုဇီဝကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့သည်။[27][28][29] ဂရင်းလန်း အနောက်ပိုင်းရှိ နှစ်ပေါင်း ၃.၇ ဘီလီယံသက်တမ်းရှိ ဂရပ်ဖိုက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။[30] ၂၀၁၅ ခုနှစ်တွင် သက်ရှိ၏ရုပ်ကြွင်းတစ်ခုကို အနောက်ပိုင်း ဩစတျေးလျတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုသည်။ ယင်းသည် သက်တမ်း နှစ်ပေါင်း ၄.၁ ဘီလီယံ ရှိပြီဖြစ်သည်။[31][32] သုတေသနတစ်ယောက်၏အဆိုအရ အသက်ဇီဝသည် ကမ္ဘာပေါ်တွင် လျင်မြန်စွာဖြစ်ထွန်းပါက စကြဝဠာတွင်လည်း တွေ့ရလေ့ရှိသောအရာဖြစ်နိုင်သည်[31] ဟု ဆိုလေသည်။
ကမ္ဘာပေါ်တွင် အသက်ဇီဝဖြစ်ထွန်းခဲ့ကတည်းက ကြီးမားသော မျိုးသုဉ်းပျောက်ကွယ်မှုကြီး ၅ ခုနှင့် အခြားသောဖြစ်ရပ်သေးများသည် ဇီဝမျိုးစုံမျိုးကွဲ ရုတ်တရက် လျော့ကျမှုကို ဖြစ်စေခဲ့သည်။ လွန်ခဲ့သောနှစ်သန်းပေါင်း ၅၄၀ အကြာက ဖာနီရိုဇိုးနစ် ကာလ (Phanerozoic eon) တွင် ပထမဆုံး ဆဲလ်များစွာရှိသောသက်ရှိ ဖြစ်ထွန်းမှုကြောင့်[33] ဇီဝမျိုးစုံမျိုးကွဲသည် လျင်မြန်စွာ ကြီးထွားခဲ့သည်။ နောက်ထပ် နှစ်သန်းပေါင်း ၄၀၀ မှာ ကြီးမားသော မျိုးသုဉ်းပျောက်ကွယ်မှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ကာဗွန်နီဖီးရိယပ် (Carboniferous) ကာလတွင် မိုးသစ်တော ပျက်စီးမှုကြောင့် အပင်နှင့် တိရစ္ဆာန်များစွာ ဆုံးရှုံးခဲ့ရသည်။[34] လွန်ခဲ့သောနှစ်သန်းပေါင်း ၂၅၁ အကြာကဖြစ်ခဲ့သော Permian–Triassic မျိုးသုဉ်းမှုဖြစ်ရပ်သည် အဆိုးဆုံးဖြစ်သည်။ အပင်များပြန်လည်ရှင်သန်ရန် နှစ်သန်းပေါင်း ၃၀ အချိန်ယူခဲ့ရသည်။[35] များမကြာခင်က ဖြစ်ပွားခဲ့သော Cretaceous–Paleogene မျိုးသုဉ်းမှုဖြစ်ရပ်သည် လူအများ၏ အာရုံစိုက်ခြင်းကိုခံရသည်။ အကြောင်းမှာ ယင်းဖြစ်ရပ်၌ ကမ္ဘာပေါ်တွင် ရှင်သန်ခဲ့ဖူးသော ဒိုင်နိုဆောများ မျိုးသုဉ်းပျောက်ခဲ့သောကြောင့်ဖြစ်သည်။[36]
လူသားများ အုပ်စိုးသည့်ကာလရောက်လာသောအခါ ဇီဝမျိုးစုံမျိုးကွဲ လျော့နည်းမှု ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ လူသားများကြောင့်ဖြစ်သော မျိုးသုဉ်းမှုကို Holocene မျိုးသုဉ်းမှုဟုခေါ်သည်။[37] ကုလသမဂ္ဂသည် ၂၀၁၁-၂၀၂၀ ခုနှစ်ကို ဇီဝမျိုးစုံမျိုးကွဲ ဆယ်စုနှစ်ဟု ကြေညာခဲ့သည်။[38] ၂၀၂၁-၂၀၃၀ ခုနှစ်ကို ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး ဆယ်စုနှစ်အဖြစ် ကြေညာခဲ့သည်။[39] IPBES မှ တင်ပြသော ၂၀၁၉ ခုနှစ် Global Assessment Report on Biodiversity and Ecosystem Services အစီရင်ခံစာအရ ၂၅ ရာခိုင်နှုန်းသော အပင်နှင့်တိရစ္ဆာန်တို့သည် မျိုးသုဉ်းပျောက်ကွယ်မည့်အန္တာရာယ်နှင့် ရင်ဆိုင်နေရသည်ဟုဆိုသည်။[40][41][42] IPBES ၏ ၂၀၂၀ အစီရင်ခံစာတွင်လည်း ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုကိုဖြစ်စေသည့် လူသားတို့၏ တူညီသောလုပ်ဆောင်ချက်များသည် ကမ္ဘာကပ်ရောဂါ (Pandemic) များကို ဖြစ်စေသည်ဟုဆိုသည်။