စက်ဘီး
ခြေနင်းကို လှည့်ပေးခြင်းဖြင့် သွားရသော ဘီးနှစ်လုံးတပ်ယာဉ် / From Wikipedia, the free encyclopedia
စက်ဘီးဆိုသည်မှာ စီးစရာထိုင်ခုံနှင့် သံမဏိဘောင်တွင် ဘီးတပ်၍ ခြေဖြင့် ခြေနင်းကိုလှည့်ပေးရသော လူစီးယာဉ်တစ်မျိုးသည် စက်ဘီးဖြစ်၏။ စက်ဘီးသည် ခရီးသွားရာ၌ တွင်ကျယ်သည့်အပြင် မော်တော်ယာဉ်များကဲ့သို့ စရိတ်အကုန်အကျ မများချေ။ ယင်းကို ထိန်းသိမ်းရသည့်တာဝန်လည်း မကြီးမားချေ။ တန်ဖိုးချိုသာသောကြောင့် ကျောင်းသူကျောင်းသားများနှင့် အလုပ်သမား ဆင်းရဲသားတို့ပင်လျှင် ယင်းကို ဝယ်ယူသုံးစွဲ နိုင်ပေသည်။ စက်ဘီးကို အလုပ်ကိစ္စအတွက်သာလျှင် အသုံးပြုနိုင်သည် မဟုတ်။ ကိုယ်လက်လှုပ်ရှား ကစားမှုတစ်ရပ် အနေနှင့်လည်း အသုံးပြုနိုင်လေသည်။
စက်ဘီး | |
---|---|
The most popular bicycle model—and most popular vehicle of any kind in the world—is the Chinese Flying Pigeon, with about 500 million produced.[1] | |
အမျိုးအစားခွဲခြားခြင်း | ယာဉ် |
အသုံးချမှု | သယ်ယူပို့ဆောင်ရေး |
လောင်စာရင်းမြစ် | လူအား၊ မော်တာ |
ဘီးများ | ၂ |
အစိတ်အပိုင်းများ | Frame, Wheels, Tires, Saddle, Handlebar, Pedals, Drivetrain |
တီထွင်သူ | Karl von Drais, Kirkpatrick MacMillan |
တီထွင်သည့် ခုနှစ် | ၁၉ ရာစု |
အမျိုးအမည်များ | utility bicycle, mountain bicycle, racing bicycle, touring bicycle, hybrid bicycle, cruiser bicycle, BMX bike, tandem, low rider, tall bike, fixed gear, folding bicycle, amphibious cycle, cargo bike, recumbent, electric bicycle |
စက်ဘီးကို ၁၉ရာစုတွင် စတင်အသုံးပြုခဲ့ပြီး အခုအခါ တကမ္ဘာလုံးတွင် အစင်းပေါင်း သန်းတစ်ထောင် နီးပါးများ ရှိသည်။ ဒေသ အများစုတို့တွင် သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုကြသည်။ စက်ဘီးများကို အပန်းဖြေခြင်းတွင် အသုံးပြုရာတွင်လည်း ခေတ်စားပြီး ကလေးများ၏ ကစားစရာ အဖြစ်လည်းကောင်း၊ လူကြီးများအတွက် ခန္ဓာကိုယ် ကြံ့ခိုင်ရေး အထောက်အကူပစ္စည်း အဖြစ်လည်းကောင်း၊ စစ်တပ် နှင့် ရဲဌာနတို့တွင် လည်းကောင်း၊ စာနှင့် ပါဆယ်ပစ္စည်းပို့ရာတွင် လည်းကောင်း၊ အားကစား ယှဉ်ပြိုင်ခြင်းတွင် လည်းကောင်း အသုံးပြုကြသေးသည်။
စက်ဘီး၏ အခြေခံ ပုံသဏ္ဌန်နှင့် ဖွဲ့စည်းတည်ဆောက်ပုံမှာ ပထမဆုံး ချိန်းကြိုးကို အသုံးပြု၍ မောင်းနှင်သော မော်ဒယ်လ်ကို စတင်ထုတ်လုပ်ခဲ့သည့် ၁၈၈၅ ခုနှစ်မှ စ၍ အနည်းငယ်မျှသာ ပြောင်းလဲသေးသည်။ အသေးစိတ် တည်ဆောက်ပုံ အတော်များများမှာမူ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် ခေတ်သစ် ရုပ်ဝတ္ထုပစ္စည်းများနှင့် ကွန်ပြူတာအသုံးပြု ဒီဇိုင်းပညာတို့ တိုးတက်လာချိန်တွင် ဖြစ်သည်။ ထိုအရာတို့သည် စက်ဘီးစီးခြင်း အမျိုးအစား တစ်ခုစီအတွက် သီးသန့် တည်ဆောက်သော ဒီဇိုင်းပုံစံများကို အလွန်လျင်မြန်သော အရှိန်ဖြင့် တိုးတက် ဖြစ်ထွန်းလာစေခဲ့သည်။
စက်ဘီးကို တည်ထွင်ခြင်းသည် လူ့အဖွဲ့အစည်းကို ယဉ်ကျေးမှုဆိုင်ရာ အပိုင်းနှင့် ခေတ်သစ် စက်ရုံသုံး ပစ္စည်းထုတ်လုပ်ခြင်းကို တိုးတက်စေခြင်း နှစ်ခုစလုံးတွင် အလွန်ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့သည်။ မော်တော်ယာဉ် တည်ဆောက်ခြင်း တိုးတက်လာမှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော ဘောဘယ်ရင်၊ လေအားသုံး တာယာ၊ ချိန်းကြိုးဖြင့် မောင်းနှင်သော ခွေးသွားစိတ်ဘီး၊ စပုတ်တိုင်ဖြင့် ထိန်းကန်ထားသောဘီး၊ ကျောက်တုံးခင်းသော လမ်းကို အစားထိုးခဲ့သော ကျောက်ြပားခင်းထားသောလမ်း အစရှိသော အရာတို့သည် မူလပထမက စက်ဘီးအတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။