ဂျပန် ဗုဒ္ဓဘာသာ
ဂျပန်နိုင်ငံရှိ ဗုဒ္ဓဘာသာကျင့်သုံးမှုအပေါ် ခြုံငုံသုံးသပ်ချက် / From Wikipedia, the free encyclopedia
ဂျပန်နိုင်ငံသို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိခဲ့သည်မှာ အစောဆုံး အေဒီ ငါးရာစုပတ်ဝန်းကျင် ကိုဖွန်း (Kofun) ခေတ်တွင် ဖြစ်သည်။ တရုတ်နိုင်ငံရှိ မှတ်တမ်းများအရ ထိုခေတ်တွင် ဂန္ဓာရ(ယနေ့ခေတ် အာဖဂန်နစ္စတန်ပတ်ဝန်းကျင်) မှ ရဟန်းတော် ငါးပါး ဂျပန်နိုင်ငံကို ကြွခဲ့သည်ဟု ဆိုသည်။ သို့သော် ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘာသာ အားစကောင်းသည်မှာ အေဒီ ခြောက်ရာစုမှ ရှစ်ရာစုကြား အာစုကာ (Asuka) နှင့် နာရာ (Nara) ခေတ်တွင်ဖြစ်သည်။ အေဒီ ငါးရာစုခန့် အာစုကာခေတ်တွင် ကိုရီးယားနိုင်ငံမှ ဂျပန်နိုင်ငံသို့ ဘိက္ခူနှင့် ဘိက္ကူနီများပါဝင်သည့် သာသနာပြုအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့သည်။ ထိုသာသနာပြုအဖွဲ့သည် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် သုတ္တန်ကျမ်းစာတချို့ကို ယူဆောင်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် ဂျပန်နိုင်ငံ၌ ဗုဒ္ဓဘာသာသည် ဘုရင်နှင့် မင်းမျိုးမင်းနွယ်များ၏ အားပေးခြင်းကို ခံရပြီး စတင်ပြန့်ပွားလာခဲ့သည်။ အထူးသဖြင့် ရှိုတိုကုမင်းသားကြီး (Prince Shotoku) သည် အာစုကာခေတ် ဗုဒ္ဓသာသနာတော်ကို ယုံကြည်သက်ဝင်သော မင်းမျိုးမင်းနွယ်များထဲတွင် အလွန်ထင်ရှားခဲ့သည်။ ရှိုတိုကုမင်းသားကြီးသည် စန်ဂျိုဂိရှို (Sangyo Gisho) အမည်ရှိ ကျမ်းသုံးစောင်ကို ပြုစုခဲ့သည်။ ထိုကျမ်းသုံးစောင်မှာ သဒ္ဓမ္မပုဏ္ဍရိကာသုတ်၊ ဝိမလကိတ္တိသုတ်၊ သီရိမာလာဒေဝီသီဟနာဒသုတ် ဟူသော မဟာယာနသုတ္တန်သုံးပုဒ်၏ အဖွင့်ဋီကာများ ဖြစ်သည်။ ရှိုတိုကုမင်းသားကြီးသည် ဘုရားအလောင်း ဗောဓိသတ္တတစ်ပါးအဖြစ် ကိုးကွယ်ခြင်းခံရပြီး၊ တချို့က အဝလောကိတေသွာရ ဘုရားအလောင်း ဝင်စားသည်ဟု ယူဆကြသည်။