ကျောက်ပုံနှိပ်အတတ်
ပုံနှိပ်နည်းပညာ / From Wikipedia, the free encyclopedia
လစ်သိုဂရပ်ဖီခေါ် ကျောက်ပုံနှိပ်အတတ်မှာ၊ လက်ဦး၌ ကျောက်ပြားသက်သက်ဖြင့် ပုံနှိပ်ယူသော အတတ်ဖြစ်သည်။ မျက်နှာပြင်ပေါ်တွင်ဓာတုနည်းဖြင့် စာသားနှင့်ပုံရိပ်တို့ကိုထင်စေပြီး ယင်းပေါ်သို့စက္ကူဖြင့်ဖိကပ်ကာပုံနှိပ်ခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါ ကျောက်ပြားအစား ပလိပ်ပြားများ၊ သွပ်ပြားနှင့် အလူမီနီယမ်ပြားများ ကိုလည်း အသုံးပြုလျက် ရှိကြပေသည်။
အလိုရှိသောစာနှင့် ပုံများကို ကျောက်ပြား ပေါ်၌ ပထမရေးဆွဲပြီးနောက် စက္ကူပေါ်သို့ ပုံနှိပ်ကူးယူရသဖြင့် လစ်သိုဂရပ်ဖီ သို့မဟုတ် ကျောက်ပုံနှိပ် အတတ်ဟု တွင်လာသည်။ ဤအတတ်သည် စီးပွားရေးလုပ်ငန်းဖြစ်သော ပုံနှိပ်အတတ်လည်း ဖြစ်၍၊ ပန်းချီဆရာများအတွက် ပန်းချီလက်ရာပြ သုခုမပညာတစ်ရပ်လည်း ဖြစ်ပေသည်။ ပုံနှိပ်စာလုံးနှင့် ဘလောက်များတွင် စက္ကူပေါ်၌ မင်ထင်အောင် ရိုက်နှိပ်ပေးရမည့် အစိတ်အပိုင်းများသည် များသောအားဖြင့် ကျန်အစိတ်အပိုင်းများထက် မြင့်ကြွပြီး နေသည်ကို တွေ့ကြရမည်။
သို့ရာတွင် ကျောက်ပုံနှိပ်အတတ်၌ ထူးခြားချက်မှာ ပုံနှိပ်စရာ ကျောက်ပြား သို့မဟုတ် သတ္တုပြား၏ မျက်နှာ ပြင်သည် တစ်ပြင်လုံး ညီညာချောမွတ်လျက် ရှိခြင်းဖြစ်သည်။
ကျောက်ပုံနှိပ်အတတ်သည် ဆီနှင့်ရေ ရောစပ်ခြင်းမရှိသည့် အချက်ပေါ်တွင် မူတည်ပေါ်ပေါက်လာသော အတတ်ဖြစ်၍၊ ဤသို့ ကျောက်ပုံဖြင့် ပုံနှိပ်သည့်နည်းကို အလွိုက်စီနီဖဲလဒါး
ဆိုသူ ဂျာမနီနိုင်ငံ ဗာဗေးရီးယား ပြည်နယ် မြူးနစ်မြို့သား တစ်ဦးက ၁၇၉၆ ခုနှစ်တွင် စတင်တီထွင်ခဲ့လေသည်၊ ဓာတ်ပုံဘလောက်များဖြင့် တန်ဖိုးနည်းပါစွာ ရိုက်နှိပ်နိုင်သည့်နည်း ပေါ်ပေါက် လာပြီးနောက်တွင်၊ ဤကျောက်ပုံနှိပ်နည်းသည် ကွယ်ပျောက်တိမ်ကောလုမတတ် ဖြစ်ခဲ့ရဘူးသည်။ သို့သော် ယခုအခါ ကမ္ဘာကျော် ပန်းချီဆရာကြီး အများကပင်၊ ဤနည်းကို ပြန်လည်အသက်သွင်းခဲ့ကြ၏။ ပုံနှိပ်လုပ်ငန်းတွင် ဤနည်းကို တဖြည်းဖြည်း အသုံးများလာကြ၏။ ရောင်စုံမြေပုံနှင့် ရုပ်ပုံများကိုလည်း ကျောက်ပုံနှိပ်နည်းဖြင့် ပုံနှိပ်ယူကြသည်။