ကုန်းဘောင်ခေတ်
တတိယမြန်မာနိုင်ငံ (၁၇၅၂–၁၈၈၅) / From Wikipedia, the free encyclopedia
ကုန်းဘောင်ခေတ်သည် မြန်မာတို့၏ နောက်ဆုံးကိုယ်ပိုင်အုပ်ချုပ်ရေးကို ရခဲ့သည့်ခေတ်နှင့် ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းရန် အကောင်းဆုံး အခွင့်အရေးရခဲ့သည့်ခေတ်လည်း ဖြစ်ခဲ့သည်။ အောက်ပြည်အရပ်တွင် မွန်တို့ကို အောင်နိုင်ပြီး ပင်လယ်ထွက်ပေါက်ရရှိခဲ့ခြင်း၊ ရခိုင်ကိုသိမ်းပိုက်ပြီး အနောက်ဘက် မဏိပူရ အထိ အာဏာကြီးခြင်း (ထို့ကြောင့် အိန္ဒိယနှင့် ပိုမိုတိုးတက်သည့် သံတမန်ဆက်ဆံရေး ရနိုင်ရန် အခွင့်အရေးရှိခဲ့သည်။) တို့ကို ကောင်းစွာအသုံးမချနိုင်ခဲ့ဘဲ နန်းတွင်း အရှုပ်တော်ပုံများ၊ အာဏာလုပွဲများ၊ အာဏာသိမ်းပွဲများ အစရှိသည့် ပြဿနာများဖြင့်သာ လုံးပန်းအချိန်ကုန်ခဲ့ရသည့်အတွက် ထူးချွန်သည့် ပညာရှင်များ၊ မင်းညီမင်းသားများ(ကနောင်မင်းသား အပါအဝင်) ဆုံးရှုံးခဲ့ရသည်။ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်း လက်ထက်အရောက်တွင် အင်္ဂလိပ်တို့ ကိုလိုနီအတွင်း သိမ်းပိုက်သွတ်သွင်းခံခဲ့ရတော့သည်။
မြမ္မာနိုင်ငံတော်/ မြန်မာနိုင်ငံတော် ကုန်းဘောင်ဧကရာဇ်နိုင်ငံတော် | |
---|---|
လက်ရှိအခြေအနေ | အင်ပါယာ |
မြို့တော် | ရွှေဘိုမြို့ (၁၇၅၂-၁၇၆၀) စစ်ကိုင်းမြို့ (၁၇၆၀-၁၇၆၅) အင်းဝမြို့ (၁၇၆၅-၁၇၈၃၊၁၈၂၁-၁၈၄၂) အမရပူရမြို့ (၁၇၈၃-၁၈၂၁၊၁၈၄၂-၁၈၅၉) မန္တလေးမြို့ (၁၈၅၉-၁၈၈၅) |
ကိုးကွယ်မှု | ထေရဝါဒ |
အစိုးရ | ဘုရင်စနစ် |
ဥပဒေပြုလွှတ်တော် | လွှတ်တော် |
ငွေကြေး | ကျပ် (၁၈၅၂ မှ စတင်သုံးစွဲ) |
ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ် - မြန်မာစစ် (၁၈၂၄-၁၈၂၆) ဖြစ်ပွားပြီး အာသံ၊ မဏိပူရ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။ ပုဂံမင်းလက်ထက်တွင် ဒုတိယ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခဲ့ပြီး ဧရာဝတီ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် တတိယ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်နဝါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွတ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေညာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် ပတ္တမြား ငမောက်လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။