ကာဘော်လစ်အက်ဆစ်
From Wikipedia, the free encyclopedia
ဖီနော(Phenols) ဟုလည်းခေါ်သော ကာဘော်လစ် အက်ဆစ် (Carbolic Acid)ကို ကျောက်မီးသွေးကတ္တရာမှ အဆင့်ဆင့် ပေါင်းခံနည်းဖြင့် ထုတ်ယူကြ၏။ သို့သော် အကြီးအကျယ် ရောင်းချရန်အတွက်မူကား ကတ္တရာအဆီဖြစ်သော ဗင်ဇင်းမှ ဓာတ်ပေါင်းစပ်ယူရသည်။ ဓာတ်ပေါင်းစပ်ယူနည်းမှာ ဗင်ဇင်းကို အခိုးငွေ့ တထောင်းထောင်း ထွက်နေသော ဆာလဖျူရစ် အက်ဆစ်နှင့်ရော၍ ဗင်ဇင်းဆာလဖွန်နစ် အက်ဆစ်ဖြစ်စေ၏။ ထိုနောက် ဗင်ဇင်းဆာလဖွန်နစ် အက်ဆစ်ကို တစ်ဖန် ကော့စတစ်ဆိုဒါနှင့် ရောကျို၍ ဆိုဒီယမ် ကာဗိုလိတ် ဖြစ်စေ၏။ ထိုမှအဆင့်ဆင့် ပေါင်းခံ၍ ကာဘော်လစ်အက်ဆစ်ကို ထုတ်ယူသည်။
ကာဘော်လစ်အက်ဆစ်ကို ၁၈၃၄-ခုနှစ်၌ ဂျာမနီနိုင်ငံသား ဓာတုဗေဒပညာရှင် Friedrich Whler က ကျောက်မီးသွေး ကတ္တရာမှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့သည်။ ကာဘော်လစ်အက်ဆစ် အရိုင်းသည် ဆီဖြစ်၍ ညိုပုပ်သော အရောင်ရှိ၏။ ထိုဆီအရိုင်းထဲမှ အညစ်အကြေးများကို သန့်စင်သောအခါ အရောင်ကင်းသော ပုံဆောင်ခဲ (ခရစ္စတယ်)များကို ရရှိ၏။ ထိုပုံဆောင်ခဲများသည် အပူချိန် စင်တီဂရိတ် ၄၂.၅ ဒီဂရီ-၄၃ဒီဂရီ တွင် အရည်စပျော်၍ ၁၈၁.၃ ဒီဂရီ တွင်ဆူ၏။ ပြင်းထန်သော အဆိပ်ပစ္စည်းဖြစ်၍ ထူးခြားသော အနံ့ရှိ၏။ ကာဘော်လစ်အက်ဆစ်သည် အလွန်စားတတ်သော သတ္တိရှိသဖြင့် အသားအရေပေါ်သို့ ကျရောက်လျှင် အနာများ ဖြစ်တတ်၍ ပျောက်ကင်းစေရန် ခဲယဉ်းသည်။ သို့သော် ရေအပုံ တစ်ရာတွင် ကာဘော်လစ်အက်ဆစ်သုံးပုံမျှရော၍ရသော ကာဘော်လစ်အက်ဆစ်ဖျော်ရည်ကိုမူကား အနာများ ဆေးကြောရန်အတွက် အသုံးပြုနိုင်ပေသည်။