ကယ်လီဖိုးနီးယားပြည်နယ်
အမေရိကန်ပြည်ထောင်စု၏ပြည်နယ် / From Wikipedia, the free encyclopedia
ကယ်လီဖိုးနီးယားပြည်နယ် အမေရိကန်ပြည်ထောင်စု၏ ပစိဖိတ်ဒေသတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ စုစုပေါင်း ဧရိယာ ၁၆၃,၆၉၆ စတုရန်းမိုင် (၄၂၃,၉၇၀ စတုရန်း ကီလိုမီတာ) တွင် လူဦးရေ စုစုပေါင်း ၃၉.၅ သန်းမျှ နေထိုင်သဖြင့် ကယ်လီဖိုးနီးယားသည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေအများဆုံး နေထိုင်သော ပြည်နယ်ဖြစ်ပြီး ဧရိယာအားဖြင့် တတိယမြောက် အကြီးဆုံး ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံး နိုင်ငံတွင်းဒေသများတွင် အဆင့် ၃၄ ရှိသည်။ ကယ်လီဖိုးနီးယားသည် မြောက်အမေရိကတိုက်တွင် လူဦးရေ အများဆုံး နိုင်ငံတွင်း ဒေသ ဖြစ်ပြီး မြို့တော်မှာ ဆာခရာမန်တိုမြို့ ဖြစ်သည်။ ဂရိတ်တား လော့အိန်ဂျယ်လိစ်ဒေသ နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ တို့သည် နိုင်ငံအတွင်း ဒုတိယနှင့် ပဉ္စမမြောက် လူဦးရေ အများဆုံး မြို့ပြဒေသများ ဖြစ်ကြပြီး လူဦးရေအားဖြင့် ၁၈.၇ သန်း နှင့် ၉.၇သန်း အသီးသီးရှိကြသည်။ [1] လော့အိန်ဂျယ်လိစ်မြို့ သည် ပြည်နယ်အတွင်း လူဦးရေ အများဆုံးမြို့ ဖြစ်ပြီး နိုင်ငံအတွင်း နယူးယောက်မြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေအများဆုံး မြို့ ဖြစ်သည်။ ကယ်လီဖိုးနီးယားတွင် နိုင်ငံအတွင်း လူဦးရေ အများဆုံး ကောင်တီဖြစ်သော လော့စ်အိန်ဂျယ်လိစ်ကောင်တီ ရှိပြီး ဧရိယာအားဖြင့် အကြီးဆုံး ဖြစ်သော ဆန်ဘာနာဒီနို ကောင်တီလည်း ရှိသည်။ ဆန်ဖရန်စစ္စကို မြို့နှင့် ကောင်တီသည် နိုင်ငံအတွင်း နယူးယောက်မြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေ အသိပ်သည်းဆုံးမြို့ ဖြစ်ပြီး နယူးယောက်မြို့၏ ရပ်ကွက် ၄ ခု ပြီးလျှင် နိုင်ငံအတွင်း ပဉ္စမမြောက် လူဦးရေ အသိပ်သည်းဆုံး ကောင်တီ ဖြစ်သည်။
California | |||
---|---|---|---|
ပြည်နယ် | |||
| |||
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ကယ်လီဖိုးနီးယား အားအရောင်ခြယ်ပြထား | |||
နိုင်ငံ | အမေရိကန်ပြည်ထောင်စု | ||
Before statehood | ကယ်လီဖိုးနီးယား ရီပတ်ဘလစ် | ||
ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း | September 9, 1850 (31st) | ||
အကြီးဆုံးမြို့ | လော့စ်အိန်ဂျယ်လိစ်မြို့ | ||
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများ | Greater Los Angeles | ||
အစိုးရ | |||
• ပြည်နယ်အုပ်ချုပ်ရေးမှူး | Gavin Newsom | ||
• လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး | Eleni Kounalakis | ||
လူဦးရေ | |||
• စုစုပေါင်း | ၃၇,၂၅၃,၉၅၆ | ||
• သိပ်သည်းမှု | ၂၃၄.၄/sq mi (၉၀.၄၉/km၂) | ||
• ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ | US$၆၁,၀၂၁ | ||
• ဝင်ငွေအဆင့် | ၉th | ||
ဘာသာစကား | |||
• ရုံးသုံးဘာသာစကား | အင်္ဂလိပ်ဘာသာ | ||
လတ္တီကျူ | 32° 32′ N to 42° N | ||
လောင်ဂျီကျူ | 114° 8′ W to 124° 26′ W |
ကယ်လီဖိုးနီးယားပြည်နယ်၏ စီးပွားရေးသည် စုစုပေါင်းပြည်နယ်ထုတ်ကုန်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံမျှ ရှိသဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး နိုင်ငံတွင်း စီးပွားရေးဒေသဖြစ်သည်။[2] အကယ်၍ ကယ်လီဖိုးနီးယားအား နိုင်ငံတစ်ခု အဖြစ် ယူဆမည်ဆိုပါက ကမ္ဘာပေါ်တွင် ပဉ္စမမြောက် စီးပွားရေး အကောင်းဆုံး နိုင်ငံ ဖြစ်ပြီး[3] ၂၀၂၀ ခုနှစ်တွင် လူဦးရေ အများဆုံး အဆင့် ၃၇ ရှိပေလိမ့်မည်။[4] ဂရိတ်တား လော့အိန်ဂျယ်လိစ်ဒေသ နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသတို့သည် နိုင်ငံအတွင်း နယူးယောက် မက်ထရိုပိုလစ်တန်ဒေသ ပြီးလျှင် ဒုတိယ နှင့် တတိယမြောက် အကြီးဆုံး မြို့ပြ စီးပွားရေးရပ်ဝန်း ဒေသဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် စီးပွားရေးတန်ဖိုး ၁.၃ ထရီလီယံ နှင့် ၁.၀ ထရီလီယံ အသီးသီး ရှိကြသည်။[5] ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသသည် နိုင်ငံအတွင်း ကျယ်ပြန့်သော စာရင်းကောက် ဒေသများတွင် လူတစ်ဦးချင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန် အမြင့်ဆုံး ဒေသဖြစ်ပြီး လူတစ်ဦးလျှင် ပျမ်းမျှထုတ်ကုန် ၁၀၆, ၇၅၇ ဒေါ်လာ မျှ ရှိပြီ[6] ကမ္ဘာပေါ်တွင် ဈေးကွက်တန်ဖိုးအများဆုံး ကုမ္ပဏီ ၁၀ ခုမှ ၄ ခု အခြေစိုက်ရာ ဒေသဖြစ်ကာ[7] ကမ္ဘာပေါ်တွင် အချမ်းသာဆုံး လူ ၁၀ ဦးမှ ၄ ဦး နေထိုင်ရာဒေသ ဖြစ်သည်။[8]
ကယ်လီဖိုးနီးယား၏ ယဉ်ကျေးမှုမှာ ရေပန်းစားသော ယဉ်ကျေးမှု၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်၊ တီထွင်ဖန်တီးမှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘောဂဗေဒ၊နိုင်ငံရေး နှင့် ဖျော်ဖြေရေးတို့တွင် ကမ္ဘာအား ဦးဆောင်လမ်းပြရာ အဖြစ် သတ်မှတ်ကြသည်။ ပြည်နယ်တွင်း လူအမျိုးမျိုး အထွေထွေတို့ ကွဲပြားခြင်းနှင့် ရွှေ့ပြောင်းရောက်ရှိလာသူများပြားခြင်းတို့ကြောင့် ကယ်လီဖိုးနီးယား သည် နိုင်ငံအတွင်းရှိ အခြားဒေသများနှင့် ကမ္ဘာတဝှမ်းလုံးမှ အစားအစာ၊ ဘာသာစကား နှင့် ထုံးတမ်းစဉ်လာတို့ကို ရောနှောပေါင်းစပ်ရာ နေရာ ဖြစ်သည်။ ကယ်လီဖိုးနီးယားသည် အမေရိကန်ပြည်ထောင်စု၏ ရုပ်ရှင်လုပ်ငန်း၊ ဟစ်ပီယဉ်ကျေးမှု၊ ဘာဘီကျူး၊အမြန်အစားအစာ၊ ပင်လယ်ကမ်းစပ် ယဉ်ကျေးမှု၊ကားယဉ်ကျေးမှု နှင့် အင်တာနက်[9] နှင့် တစ်ကိုယ်ရည်သုံး ကွန်ပျူတာ[10] တို့ အပြင် အခြားအရာ အများအပြား [11][12]၏ မြစ်ဖျားခံ ပေါက်ဖွားရာ ဒေသဖြစ်သည်။ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသနှင့် ဂရိတ်တား လော့အိန်ဂျယ်လိစ်ဒေသတို့အား တကမ္ဘာလုံးဆိုင်ရာ နည်းပညာ နှင့် ဖျော်ဖြေရေး လုပ်ငန်းတို့၏ ဗဟိုဌာနအဖြစ် အများစုက ရှုမြင်လေ့ ရှိကြသည်။ ကယ်လီဖိုးနီးယား၏ စီးပွားရေးသည် အလွန် အမျိုးစုံပြီး ၅၈% သည် ငွေကြေးလုပ်ငန်း၊အစိုးရလုပ်ငန်း၊အိမ်ခြံမြေ လုပ်ငန်း၊ နည်းပညာလုပ်ငန်း၊ပရော်ဖက်ရှင်နယ် လုပ်ငန်း၊သိပ္ပံဆိုင်ရာ လုပ်ငန်း နှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများတွင် အခြေခံသည်။ [13] ပြည်နယ်စီးပွားရေး၏ ၁.၅% မျှသာ ရှိသော်လည်း[13] ကယ်လီဖိုးနီးယား၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသည် အမေရိကန်ပြည်နယ်များတွင် ထုတ်လုပ်မှု အများဆုံး ဖြစ်သည်။[14][15][16]
ကယ်လီဖိုးနီးယားပြည်နယ်သည် မြောက်ဘက်တွင် အိုရီဂွန်ပြည်နယ်၊ အရှေ့ဘက်တွင် နီဗားဒါးပြည်နယ် နှင့် အရီဇိုးနားပြည်နယ်၊ တောင်ဘက်တွင် မက္ကဆီကိုနိုင်ငံ၏ ဘဟားကယ်လီဖိုးနီးယားပြည်နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ပြည်နယ်၏ အမျိုးစုံသော ပထဝီဝင်တွင် အနောက်ဘက်ရှိ ပစိဖိတ်ကမ်းရိုးတန်းမှ အရှေ့ဘက်ရှိ ဆီးရားနီဗားဒါးတောင်တန်းများအထိ ၊ အနောက်မြောက်ဘက်ရှိ ဆီကွိုင်းယား နှင့် ဒေါက်ဂလပ်ထင်းရှူးတောများနှင့် အရှေ့တောင်ဘက်ရှိ မိုဂျေ့ဗ်သဲကန္တာရအထိ အမျိုးမျိုး ရှိသည်။ အဓိက စိုက်ပျိုးမွေးမြူရေး ဒေသဖြစ်သော ဗဟိုတောင်ကြားသည် ပြည်နယ်၏ အလယ်ဗဟိုကို စိုးမိုးထားသည်။ ကယ်လီဖိုးနီးယားအား ပူနွေးသော မြေထဲပင်လယ်ရာသီဥတုကြောင့် ကျော်ကြားသော်လည်း ပြည်နယ်၏ အရွယ်အစားကြီးမားသောကြောင့် ရာသီဥတုသည် မြောက်ဘက်ရှိ ပူနွေးသော မိုးသစ်တော ရာသီဥတုမှ အတွင်းပိုင်းတွင် ခြောက်သွေ့သော သဲကန္တာရ အထိနှင့် တောင်ကုန်းများတွင် နှင်းကျသော အယ်လ်ပိုင်းရာသီဥတု အထိ အမျိုးမျိုး အဖုံဖုံ ကွဲပြားသည်။ အချိန်ကြာလာသည်နှင့် အမျှ ပက်ကြားအက်ခြင်းနှင့် တောမီးလောင်ခြင်းတို့ ဖြစ်ပေါ်မှု ပိုစိတ်လာသည်။[17][18]
ယခု ကယ်လီဖိုးနီးယားနေရာတွင် အစကနဦးက ဒေသရင်းကယ်လီဖိုးနီးယား လူမျိုးစုများ နေထိုင်လာခဲ့ကြသည်မှာ ၁၆ ရာစုနှင့် ၁၇ ရာစုအတွင်း ဥရောပသား အမြောက်အမြားတို့ စူးစမ်းရှာဖွေသည် အထိ ဖြစ်သည်။ စပိန်အင်ပိုင်ယာမှ သိမ်းပိုက်ပြီး ကိုလိုနီအဖြစ် ပြောင်းလဲခဲ့သည်။ ၁၈၀၄ ခုနှစ်တွင် နယူးစပိန် နယ်စားဒေသအတွင်းရှိ အော်လ်တာ ကယ်လီဖိုးနီးယားတွင် ထည့်သွင်းခဲ့သည်။ အောင်မြင်သော လွတ်လပ်ရေးစစ်ပွဲအပြီး ၁၈၂၁ ခုနှစ်တွင် ထိုဒေသသည် မက္ကဆီကိုနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ခဲ့ပြီး ၁၈၄၈ မက္ကဆီကို-အမေရိကန် စစ်ပွဲ အပြီးတွင် အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အော်လ်တာ ကယ်လီဖိုးနီးယား၏ အနောက်ဘက်အပိုင်းကို စုစည်း၍ ၁၈၅၀ စက်တင်ဘာ ၉ ရက်တွင် ၃၁ ခုမြောက် ပြည်နယ်အဖြစ် လက်ခံခဲ့သည်။ ၁၈၄၈ ခုနှစ်တွင် စတင်သော ကယ်လီဖိုးနီးယား ရွှေနောက် အပူတပြင်း လိုက်ကြသည့် အဖြစ်အပျက်မှ သိသာသော လူမှုရေးနှင့် လူဦးရေပျံ့နှံ့နေထိုင်မှုတို့ကို ပြောင်းလဲပေးခဲ့သည်။ စီးပွားရေး တိုးတက်လာခြင်းနှင့် အတူ အရှေ့ဘက်မှ သို့မဟုတ် နိုင်ငံခြားမှ အကြီးအကျယ် ရွှေ့ပြောင်း ရောက်ရှိလာခဲ့ကြသည်။