ကမာ
From Wikipedia, the free encyclopedia
ကမာသည် အခွံနှစ်ခြမ်းရှိသော ရေနေခရုမျိုးယောက်သွားကြီးတစ်မျိုးဖြစ်၍ ထို အခွံနှစ်ခြမ်းကို ရုန်းနိုင်၊ ကြုံ့နိုင်သော အကြော တစ်ခုက တစ်နေရာတွင် ပတ္တာသဖွယ် ဆိုင်းထားသည်။ ယေဘုယျ အားဖြင့် အပေါ်ဘက်အခွံသည် ပြား၍၊ အောက်ဘက်အခွံသည် ခွက်ပြီးလျှင် ထိုအခွက်ထဲ၌ ကမာ၏ ကိုယ်ခန္ဓာ တည်ရှိသည်။ ကမာသည် အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်ရှိ ပင်လယ်ကမ်းခြေ တစ်လျှောက် ရေတိမ်ရာ အရပ်များတွင် နေထိုင်သည်။ အေး လွန်းသော ဝင်ရိုးစွန်းဒေသရှိ ပင်လယ်ကမ်းခြေများတွင်မူ မတွေ့ရချေ။
ကမာမျိုးနွယ်များ (Bivalvia) | |
---|---|
"Acephala", from Ernst Haeckel's Kunstformen der Natur (1904) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Mollusca |
မျိုးပေါင်းစုသေး: | Conchifera |
မျိုးပေါင်း: | Bivalvia လင်းနီးယပ်၊ ၁၇၅၈ |
မျိုးစဉ်ခွဲများ | |
ကမာ၏ကိုယ်ထဲသို့ သဲမှုန့် စသည် ဝင်လျှင် ကိုယ်တွင်းရှိ ဓာတ်ရည်ဖြင့် အထပ်ထပ် ရစ်ဖုံးလေ့ရှိ၍ ထိုအလုံးကလေးသည် ပင်လယ်ရေဓာတ်ဖြင့် မာ၍ ပုလဲလုံးဖြစ်လာသည်။ ကမာများကို ဖမ်း၍ ပုလဲရစေရန် ပြုလုပ်ပြီး ပင်လယ်ရေထဲ၌ ပြန်၍ချကာ မွေးမြူထားကြသည်။ ထိုကမာကောင်မှ ရသော ပုလဲကို မွေးပုလဲဟုခေါ်သည်။ ကမာသည် တစ်သက်တွင် အဖိုအမအားဖြင့် လိင်ပြောင်းလဲတတ်သည်။ ကမာတိုင်း ပုလဲမထွက်ပေ။ ပုလဲထွက်သော ကမာကြီးမျိုးကို မုတ်ကောင်ဟု ခေါ်သည်။ မုတ်ခွံသည် ကရုကမာ ဖြစ်လာသည်။[3]
ကမာတွင် အရွယ်၊ ပုံသဏ္ဌာန်၊ အလေ့အထ၊ အရသာ၊ အာဟာရဓာတ် အနည်းအများ စသည်တို့ကို လိုက်၍ အမျိုး ပေါင်း တစ်ရာကျော်မျှရှိ၏။ သို့သော် စီးပွားရေးအရ အရေးအကြီးဆုံးသော အမျိုးများမှာ အမေရိကန်၊ ဥရောပ၊ ဩစတြေးလျ၊ ဂျပန်၊ ပေါ်တူဂီ၊ တရုတ်၊ ပစိဖိတ်ကမ်းခြေ နှင့် အိန္ဒိယ ကမာမျိုးများသာ ဖြစ်သည်။ ပုလဲထွက်သည့် ကမာ များမှာ တစ်မျိုးဖြစ်၍ ရေငန်ကမာမျိုးအပြင် ရေချို ကမာမျိုး လည်း ရှိသေးသည်။ ပုလဲငုပ်သည့် လုပ်ငန်းကို အချို့နိုင်ငံများ တွင် အကြီးအကျယ် ပြုလုပ်ကြသည့်အနက် မြန်မာနိုင်ငံ၌ မြိတ်နယ်တွင် အတော်အတန် ပြုလုပ်ပေသည်။ ထားဝယ်နယ် တွင်လည်း ဒုတိယကမ္ဘာစစ် မဖြစ်မီက အနည်းအကျဉ်း ပြုလုပ် ခဲ့ဘူး၏။ မြိတ်နှင့် ထားဝယ်ဖက်တွင် ပုလဲငုပ်ခြင်းကို မုတ်ငုပ် သည်ဟူ၍လည်း ဆိုလေ့ရှိကြလေသည်။