ကနော့အဲလဖရက်
From Wikipedia, the free encyclopedia
ခေတ်ပြိုင်ဥရောပ၊ လက်တင်အမေရိက စာပေများမှ အကောင်းဆုံးလက်ရာများကို လည်းကောင်း၊ အမေရိကန်စာပေမှ လက်ရွေးစင် လက်ရာများကို လည်းကောင်း စာဖတ် ဝါသနာအိုးများအတွက် ၆၉ နှစ်တာမျှ တွင်တွင်ကျယ်ကျယ် ပုံနှိပ်ထုတ်ဝေပေးခဲ့သူ အဲလဖရက်ကနော့ကို ၁၈၉၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် နယူးယောက်မြို့၌ မွေးဖွားသည်။ ကနော့သည် ငယ်စဉ်က မက္ကင်ဇီကျောင်းနှင့် ကိုလံဗီယာကောလိပ်တို့၌ ပညာဆည်းပူးခဲ့ရာ ၁၉၁၂ ခုနှစ်တွင် ဝိဇ္ဖာဘွဲ့ရသည်။
ကနော့သည် ဘွဲ့ရပြီး သုံးနှစ်အကြာတွင် စာအုပ်ထုတ်ဝေ ရေးလုပ်ငန်းကို အစပျိုးသည်။ ကနဦးထုတ် စာအုပ်များ၏ အဖွင့်စာမျက်နှာတွင် ရုရှားဝံပုလွေလိုက် ခွေးကြီး၏ ပုံကို အလှဆင် အထိမ်းအမှတ် တံဆိပ်အဖြစ် ရိုက်နှိပ်၍ ထုတ်ဝေ ခဲ့ခြင်း ဖြစ်သည်။ ကနော့သည် စာရေးဆရာသစ်များ စာပေ လောကတွင် ခြေကုပ်ရစေရန်လည်းကောင်း၊ စာပေဆုများ ဆွတ်ခူးသည်အထိ လက်ရည်ပြနိုင်စေရန် လည်းကောင်း မြေတောင်မြှောက်၍ လမ်းဖွင့်ပေးရာတွင် အမြော်အမြင် ကြီးမားသည့်အပြင် စာအုပ်ဒီဇိုင်းနှင့် စီစဉ်ပုံနည်း စနစ်များ အဆင့်အတန်း မြင့်မားစေရန် စီမံရာတွင်လည်း အရည်အချင်း ထက်မြက်သူ ဖြစ်သည်။ ကနော့သည် အစပိုင်းတွင် ရုရှားလူမျိုး စာရေးဆရာများကို ဦးစားပေး စင်တင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင်မူ ဂျာမန်စာရေးဆရာ သောမတ်မန်း (၁၈၇၅- ၁၉၅၅)၊ အမေရိကန်ဖွား အင်္ဂလိပ်ကဗျာဆရာနှင့် ဝေဖန်ရေး ဆရာ တီအက်စ် အဲလိယော့ (၁၈၈၈-၁၉၆၅)၊ ပြင်သစ်ဝတ္ထု ရေးဆရာ အန်ဒရေ ဂီဒီ (၁၈၆၉-၁၉၅၁)၊ အင်္ဂလိပ်ကဗျာ ဆရာနှင့် ဝထ္တုရေးဆရာ ဒေးဗစ်ဟားဗက်လောရင့် (၁၈၈၅- ၁၉၃ဝ)၊ ဩစတြီးယန်းဝတ္ထုရေးဆရာ ဖရန့်ကတ်ဖကား (၁၈၈၃-၁၉၂၄) စသည့် အခြားဥရောပစာဆိုများ၏ လက်ရာ များကိုပါ အလေးထား ထုတ်ဝေခဲ့သည်။ အမေရိကန်စာဆို များဖြစ်ကြသော ဝထ္တုရေးဆရာ ဝီလာကတ်သား (၁၈၇၃- ၁၉၄၇)၊ သရော်စာနှင့် အက်ဆေးရေးသူ ဟင်နရီ လူဝီမင့်ကင်း (၁၈၈ဝ-၁၉၅၆)၊ စာနယ်ဇင်းသမား ဂျွန် ဟာဆေး (၁၉၁၄-) နှင့် သမိုင်းပညာရှင် ဆင်မြူယယ် အဲလီယော့ မောရစ်ဆင် (၁၈၈၇-၁၉၇၆)တို့၏ လက်ရာများကိုလည်း စင်တင်ပေး ခဲ့သည်။
ကနော့သည် ကိုလံဗီယာ တက္ကသိုလ်၏ အယ်လက်ဇန္ဒား ဟာမီလတန် ဂုဏ်ထူးဆောင်တံဆိပ် (၁၉၆၆)၊ အမေရိကန် သမိုင်းပညာရှင်များအသင်း၏ ဖရန်စစ်ပတ်ကမင်ငွေတံဆိပ်ဆု (၁၉၇၄)၊ ဒရက်ဆဲ တက္ကသိုလ်၏ ပြောင်မြောက်သော စွမ်းဆောင်ရည်ဆု (၁၉၇၅) စသည့် ဂုဏ်ထူးဆောင်ဆုများ အမြောက်အမြား ရရှိသည့်ပြင် ယေးတက္ကသိုလ်၊ ကိုလံဗီယာ တက္ကသိုလ် စသည့်တက္ကသိုလ်များမှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ များကိုလည်း ရရှိသည်။
ကနော့သည် ဗလန့်ချီဝုနှင့် ၁၉၁၆ ခုနှစ်တွင် အိမ်ထောင် ပြုခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ဝုကွယ်လွန်သွားသောအခါ ဟယ်လင် ဟက်ဒရစ်နှင့် အိမ်ထောင်သစ်ထူသည်။
နှစ်ဆယ်ရာစုခေတ်ဦးတွင် ထင်ရှားသော သောမတ်မန်းမှ မျက်မှောက်ခေတ်တွင် ကျော်ကြားနေသော ဂျွန်အပ္ပဒိုက် (၁၉၃၂)အထိ စာရေးဆရာ အမြောက်အမြားကို စာပေ စင်မြင့်တွင် တင်ထားပေးနိုင်ခဲ့သော စာပေ ထုတ်ဝေသူ အဲလဖရက်ကနော့သည် ၁၉၈၄ ခုနှစ် ဩဂုတ်လ ၁၁ ရက် နေ့တွင် နယူးယောက်မြို့၌ ကွယ်လွန်သည်။ [1]